Skip to main content

သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်ခဲ့ပြီးချိန်မှာ ပျက်စီးဆုံးရှုံးမှုရှိခဲ့ရင် ပျက်စီးဆုံးရှုံးမှုစာရင်းကောက်ယူခြင်းနဲ့ ပြန်လည်ပြုပြင်ခြင်းတွေ အမြန်ဆုံးဆောင်ရွက်ပြီး ဓာတ်အားပြန်လည် ဖြန့်ဖြူးပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိပါတယ်

ဦးရဲတိုးသွင်၊ ဦးဆောင်ညွှန်ကြားရေးမှူး

နေပြည်တော်ကောင်စီနယ်မြေအပါအဝင် အချို့တိုင်းဒေသကြီး၊ ပြည်နယ်များတွင် စက်တင်ဘာလအတွင်း ထူးကဲသည့်မိုးရွာသွန်းမှုများကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး ဓာတ်အားလိုင်းများ၊ တာဝါတိုင်များပြိုလဲပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။ ထိုသို့ ရေကြီးရေလျှံမှုကြောင့် ပြိုလဲပျက်စီးသွားသည့် ဓာတ်အားလိုင်းပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်လျက်ရှိရာ ပြည်သူများလျှပ်စစ်ဓာတ်အား အမြန်ဆုံးပြန်လည် သုံးစွဲနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးရဲတိုးသွင်နှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြအပ်ပါသည်။

မေး ။  ။ နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ရေကြီးရေလျှံမှု ကြောင့် ဓာတ်အားလိုင်းများ၊ တာဝါတိုင်များ ပြိုလဲပျက်စီးမှုများ ဖြစ်ပေါ်ခဲ့တဲ့အတွက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေနဲ့ ဓာတ်အားလိုင်းများ စောင့်ကြည့်ပြုပြင် ထိန်းသိမ်းမှု အခြေအနေကို အရင်ဆုံးသိပါရစေ။

ဖြေ ။   ။ ရေကြီးမှုဖြစ်ပေါ်တဲ့နေရာတွေမှာ လျှပ်စစ်နဲ့ပတ်သက်ပြီး ဆောင်ရွက်ထားရှိမှုအနေနဲ့ ရေကြီးရေလျှံတဲ့နေရာတွေ၊ ရပ်ကွက်တွေ၊ ကျေးရွာတွေကို လိုက်လံသတင်းယူစစ်ဆေးပြီး လျှပ်စစ်အန္တရာယ်မဖြစ်ပေါ်စေဖို့အတွက် ထရန်စဖော်မာအလိုက် ကြိုတင်ဓာတ်အား ဖြတ်တောက်ပါတယ်။ ဌာနပိုင်မီတာတွေ ရေနစ်မြုပ်မှုကြောင့် ဆုံးရှုံးမှုမရှိစေဖို့အတွက် မီတာများ ယာယီဖြုတ်သိမ်းခြင်း၊ ရေတက်လာတဲ့အခါ ဌာနပိုင်ထရန်စဖော်မာနဲ့ ဆက်စပ်ပစ္စည်းတွေ ရေနစ်မြုပ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုမရှိစေဖို့အတွက် ထရန်စဖော်မာတွေနဲ့ ဆက်စပ်ပစ္စည်းတွေ ရေလွတ်တဲ့နေရာတွေကို ယာယီရွှေ့ပြောင်းပေးခြင်းတွေ ဆောင်ရွက်လျက်ရှိပါတယ်။ ရေမနစ်မြုပ်သေးတဲ့နေရာတွေမှာ ဓာတ်အားပေးနိုင်ဖို့အတွက် အချို့ထရန်စဖော်မာတွေ၊ 400 V Panel တွေကို ရေထိစပ်လာရင်အပေါ် ကိုမြှင့်တင်ပေးပြီးတော့ ဓာတ်အားပေးလို့ရအောင် ဆောင်ရွက်ပေးလျက်ရှိပါတယ်။

ဝန်ကြီးဌာနအနေနဲ့ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးမှု၊ ချို့ယွင်းမှုတွေ မဖြစ်ပေါ်စေရေး၊ လျှပ်စစ်အန္တရာယ်မဖြစ်စေရေး၊ ဓာတ်အားလွှတ်ပစ္စည်းတွေနဲ့ ဓာတ်အားလိုင်းပစ္စည်းတွေ ထိခိုက်ပျက်စီးမှု နည်းပါးစေရေးတို့အတွက် ကြိုတင်ကာကွယ်မှု ဆောင်ရွက်နိုင်ဖို့နဲ့ သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်ခဲ့ပြီးချိန်မှာ ပျက်စီးဆုံးရှုံးမှုရှိခဲ့ရင် ပျက်စီးဆုံးရှုံးမှု စာရင်းကောက်ယူခြင်းနဲ့ ပြန်လည်ပြုပြင်ခြင်းတွေ အမြန်ဆုံးဆောင်ရွက်ပြီး ဓာတ်အား ပြန်လည်ဖြန့်ဖြူးပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိပါတယ်။

ဒါ့အပြင် ဓာတ်အားလိုင်းတွေ၊ တာဝါတိုင်တွေ ပြိုလဲပျက်စီးမှု မဖြစ်ပေါ်စေရေးအတွက် ဓာတ်အားလိုင်း/ဓာတ်အားခွဲရုံ/တာဝါတိုင် ကြံ့ခိုင်မှုတွေကို မိုးရာသီမှာမဟုတ်ဘဲ အချိန်ပြည့်စောင့်ကြည့် စစ်ဆေးလျက်ရှိတဲ့အပြင် သဘာဝဘေးအန္တရာယ်တွေကြောင့် ဓာတ်အားလိုင်းတွေ၊ တာဝါတိုင်တွေ ပြိုလဲပျက်စီးမှုဖြစ်ပေါ်ခဲ့ရင် အချိန်နဲ့တစ်ပြေးညီ ပြုပြင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။       

မေး ။  ။ ရေကြီးရေလျှံမှုတွေကြောင့် ပျက်စီးမှုဖြစ်ပေါ်ခဲ့တဲ့ လျှပ်စစ်ဓာတ်အားလိုင်းတွေ အခြေအနေကို သိပါရစေ။

ဖြေ ။   ။ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနအနေနဲ့ တိုင်းဒေသကြီး၊ ပြည်နယ်အချို့မှာ ဖြစ်ပွားခဲ့တဲ့ ရေကြီး ရေလျှံမှုတွေကြောင့် လျှပ်စစ်ပိုင်းဆိုင်ရာ အခြေခံအဆောက်အဦတွေ ပျက်စီးဆုံးရှုံးမှုအပေါ် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်အထိ စာရင်းကောက်ယူရရှိမှုအနေနဲ့ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းမှာဆိုရင် ၂၃၀ ကေဗွီ ရွှေမြို့ - နေပြည်တော် ဓာတ်အားလိုင်းတာဝါတိုင် လေးတိုင်၊ ၂၃၀ ကေဗွီ သာစည် - ရွှေမြို့ ဓာတ်အားလိုင်း တာဝါတိုင်ငါးတိုင် ပြိုလဲပျက်စီးခဲ့တယ်။ တပ်ကုန်းမြို့နယ်၊ ဇေယျာသီရိမြို့နယ်နဲ့ ပုဗ္ဗသီရိမြိုနယ်တွေအတွင်းမှာ ၃၃ ကေဗွီ ဓာတ်အားလိုင်း ခုနစ်လိုင်း ဓာတ်အားပြတ်တောက်ခဲ့ပြီး စုစုပေါင်းဓာတ်အားလိုင်းတိုင် ၁၈၅၂ တိုင်၊ ထရန်စဖော်မာ ၃၃ လုံး ပျက်စီးမှု ဖြစ်ပေါ်ခဲ့ပါတယ်။

ဒီလိုပျက်စီးမှုဖြစ်ပေါ်ခဲ့တဲ့ ၃၃ ကေဗွီ ဓာတ်အားလိုင်း ခုနစ်လိုင်းအနက် ၃၃ ကေဗွီ ပင်လောင်း (၁) နဲ့ ၃၃ ကေဗွီ ဇေယျာသီရိဓာတ်အားလိုင်းနှစ်လိုင်းကို အရေးပေါ်ပြုပြင်ပြီးတော့ စက်တင်ဘာလ ၁၁ ရက်၊ ညနေပိုင်းကတည်းက ဓာတ်အားပြန်လည်ဖြန့်ဖြူးပေးနိုင်ခဲ့ပြီးဖြစ်ပါတယ်။

ပြီးတော့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (တပ်ကုန်း) ကို အမြန်ဆုံးပြန်လည်ဓာတ်အားပို့လွှတ်နိုင်ဖို့အတွက် ကင်းသာတံတားအနီးမှာ ၃၃ ကေဗွီလိုင်း ပေ ၄၂၀၀ တည်ဆောက်ပေးပြီးတော့ MRTV 2 ဓာတ်အားလိုင်းနဲ့ချိတ်ဆက် ဆောင်ရွက်ခြင်းတွေကို စက်တင်ဘာလ ၁၂ ရက်မှာ စတင်ဆောင်ရွက်ခဲ့ပြီးတော့ စက်တင်ဘာလ ၁၅ ရက် ညနေ ၆ နာရီမှာ ၁၀၀ ရာခိုင်နှုန်း တည်ဆောက်ပြီးစီးခဲ့တဲ့အတွက် ဓာတ်အားပြန်လည် ဖြန့်ဖြူးပေးနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ပြီးတော့ တပ်ကုန်းမြို့နယ်ဆေးရုံကို လျှပ်စစ်ဓာတ်အား ပြန်လည်ပို့လွှတ်ပေးနိုင်ခဲ့ပြီး အခုလက်ရှိအခြေအနေမှာ တပ်ကုန်းမြို့ပေါ် ခြောက်ရပ်ကွက်ရှိတဲ့အနက် ငါးရပ်ကွက်ကို လျှပ်စစ်ဓာတ်အား ပြန်လည်ပို့လွှတ်ပေးနိုင်ခဲ့ပြီးဖြစ်ပါတယ်။

တခြားသော တိုင်းဒေသကြီးလေးခုနဲ့ ပြည်နယ်လေးခုအပါအဝင် စုစုပေါင်းပျက်စီးဆုံးရှုံးမှုအနေနဲ့ ဓာတ်အားလိုင်းတိုင် ၂၃၄၆ တိုင်၊ ထရန်စဖော်မာ ၃၈ လုံးပျက်စီးမှု ဖြစ်ပေါ်ခဲ့ပါတယ်။ တချို့ တိုင်းဒေသကြီး၊ ပြည်နယ်တွေရဲ့နေရာတချို့မှာက ရေပြန်လည်ကျဆင်းခြင်းမရှိသေးပါဘူး။ ဒါကြောင့် မြေပြင်သေချာစွာ မစစ်ဆေးနိုင်တဲ့ရွာတွေရှိနေပြီးတော့ ကျွန်တော်တို့အနေနဲ့ စစ်ဆေးလို့ ရတဲ့၊ ဆောင်ရွက်လို့ရတဲ့လုပ်ငန်းအားလုံးကို အချိန်နဲ့တစ်ပြေးညီ ဆောင်ရွက်လျက်ရှိပါတယ်။

ဒါ့အပြင် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံတွေဖြစ်တဲ့ မြို့ကြီး၊ ကျိုင်းတောင်း၊ အထက်ပေါင်းလောင်း စက်ရုံသုံးရုံ၊ တောင်တော်ကွင်း နေရောင်ခြည်သုံးဓာတ်အားပေးစက်ရုံနဲ့ တီကျစ်ကျောက်မီးသွေးစက်ရုံတို့မှာလည်း ရေများဝင်ရောက်မှုကြောင့် ယာယီစက်ရပ်တန့် ထားခဲ့ရပါတယ်။

ရဲရွာရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံမှ ညဓာတ်အားထုတ်လုပ်မှု ရပ်တန့်ခြင်းမရှိပေမယ့် ရေတိုက်စားမှုကြောင့် ရေထုတ်ပြွန်တွေပျက်စီးခြင်း၊ တည်ဆောက်ဆဲအထက်ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်းမှာ ဝန်ထမ်းအိမ်ရာရှစ်လုံး ရေဝင်ရောက်ပျက်စီးခြင်း၊ အလယ်ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်းမှာ မြေသားလျော့ကျမှုကြောင့် လမ်းဘေးရေနုတ်မြောင်းတွေ ပြိုကျပိတ်ဆို့ခြင်း ဖြစ်ပေါ်ခဲ့တာရှိပါတယ်။

မေး ။  ။ ပျက်စီးမှုဖြစ်ပေါ်ခဲ့တဲ့ ဓာတ်အားလိုင်းနဲ့တာဝါတိုင်တွေ ဓာတ်အားပြန်လည်ပို့လွှတ် ဖြန့်ဖြူးပေးနိုင်ဖို့ ဘယ်လိုအစီအမံတွေ ချမှတ်ဆောင်ရွက်သွားမယ်ဆိုတာ သိပါရစေ။

ဖြေ ။   ။ ပြည်ထောင်စုနယ်မြေ နေပြည်တော် တပ်ကုန်းမြို့နယ်၊ ဇေယျာသီရိမြို့နယ်နဲ့ ပုဗ္ဗသီရိမြို့နယ်တွေအတွင်းမှာ ပျက်စီးမှုဖြစ်ပေါ်ခဲ့တဲ့ ဓာတ်အားလိုင်းငါးလိုင်းကို အမြန်ဆုံးပြုပြင်ပြီး ဓာတ်အားပြန်လည်ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ဖို့အတွက် ပြည်ထောင်စုနယ်မြေအတွင်းရှိ မြို့နယ်/မြို့ ၁၀ မြို့နယ်က ဝန်ထမ်းတွေ၊ ဝန်ကြီးဌာနနဲ့ လက်တွဲဆောင်ရွက်လျက်ရှိတဲ့အပြင် ပြင်ပလျှပ်စစ်အဖွဲ့တွေက လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်း စုစုပေါင်း ၃၀၈ ဦးနဲ့ ဆောင်ရွက်လျက်ရှိပါတယ်။

မန္တလေးတိုင်းဒေသကြီးအတွင်း ကျောက်ဆည်ခရိုင်၊ မိတ္ထီလာခရိုင်နဲ့ ရမည်းသင်းခရိုင်တွေက တချို့နေရာတွေမှာ ဓာတ်အားပြတ်တောက်လျက်ရှိပြီးတော့ သက်ဆိုင်ရာမြို့နယ်အသီးသီးမှာ အမြန်ဆုံးပြင်ဆင်နိုင်ရေးကို တိုင်းဒေသကြီးရဲ့ကြီးကြပ်မှုနဲ့ စီစဉ်ဆောင်ရွက်ထားရှိပြီး ဖြစ်ပါတယ်။၊ ကူမဲမြို့နယ်၊ မြို့ပေါ်ရပ်ကွက်ငါးခုနဲ့ ကျေးရွာစုစုပေါင်း ၉၉ ရွာကို စက်တင်ဘာလ ၁၆ ရက်မှာ၊ မြစ်သားမြို့နယ် မြို့ပေါ်ရပ်ကွက်သုံးခုကို စက်တင်ဘာလ ၁၈ ရက်မှာ၊ ရမည်းသင်းမြို့နယ်ကို စက်တင်ဘာလ ၁၉ ရက်မှာ အသီးသီးလျှပ်စစ်ဓာတ်အားပြန်လည် ပို့လွှတ်ပြီးဖြစ်ပါတယ်။ မန္တလေးတိုင်းဒေသကြီးတစ်ခုလုံးမှာ ပျက်စီးခဲ့တဲ့ဓာတ်အားလိုင်းတွေ ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းရဲ့ ၃၀ ရာခိုင်နှုန်း ပြီးစီးပြီးဖြစ်ပါတယ်။

ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့မှာ ၁၁ ကေဗွီမြို့တွင်းဓာတ်အားလိုင်း ချို့ယွင်းပျက်စီးမှုကို ပြန်လည်ပြုပြင်ပြီးတော့ စက်တင်ဘာလ ၁၅ ရက် ညနေ ၄ နာရီမှာ၊ ရေပေးဝေရေး ဓာတ်အားလိုင်းတွေကို စက်တင်ဘာလ ၁၈ ရက်မှာ ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့တဲ့အတွက် ကလောမြို့ပေါ် မီးသုံးစွဲသူ ၈၅ ရာခိုင်နှုန်းကို ဓာတ်အားပြန်လည်ဖြန့်ဖြူးပေးနိုင်ခဲ့ပြီး ဖြစ်ပါတယ်။

တောင်တော်ကွင်း နေရောင်ခြည်သုံးဓာတ်အားပေးစက်ရုံက ထုတ်လုပ်တဲ့ဓာတ်အားကို ပို့လွှတ်ပေးလျက်ရှိတဲ့အပြင် ၃၃ ကေဗွီ တောင်တော်ကွင်းစက်ရုံ-တောင်တော်ကွင်းခွဲရုံ ဓာတ်အားလိုင်းကိုလည်း မဟာဓာတ်အားလိုင်းမှူးရုံး သာစည်၊ အုန်းတော၊ ရွှေစာရံရှိ လိုင်းဝန်ထမ်း ၇၀ တို့က စက်တင်ဘာလ ၁၁ ရက်မှာ စတင်ဆောင်ရွက်ခဲ့ပြီးတော့ ပြုပြင်ခြင်းလုပ်ငန်းတွေ ဆောင်ရွက်ပြီးစီးခဲ့တဲ့အတွက် စက်တင်ဘာလ ၁၄ ရက်မှာ ဓာတ်အားပုံမှန်ပြန်လည် ဖြန့်ဖြူးပေးနိုင်ခဲ့ပြီးဖြစ်ပါတယ်။ ဒီလိုပဲ ၃၃ ကေဗွီ မြို့ကြီး-တောင်တော်ကွင်း ဓာတ်အားလိုင်းကိုလည်း အမြန်ဆုံးပြင်ဆင်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိပါတယ်။

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ရှိ ၆၆ ကေဗွီ ကျိုင်းတုံ-မိုင်းခုတ်-မိုင်းဆတ် ဓာတ်အားလိုင်းရဲ့ မိုင်းခုတ် - မိုင်းဆတ်အပိုင်းမှာ ကနဦးစစ်ဆေးမှုအရ တာဝါတိုင်နှစ်တိုင် ပြိုလဲခဲ့တဲ့အတွက် မိုင်းဆတ်မြို့ ဓာတ်အားပြတ်တောက်လျက်ရှိပါတယ်။ လမ်းတွေကောင်းမွန်ပြီး ရေကျဆင်းသွားတဲ့အချိန် အမြန်ဆုံးသွားရောက်ပြင်ဆင်နိုင်ဖို့ အသင့်စောင့်ဆိုင်းလျက်ရှိပါတယ်။ ရေဝင်ရောက်မှုတွေ ဖြစ်ပေါ်ခဲ့တဲ့ ဓာတ်အားပေးစက်ရုံတွေကို ရေစုပ်ထုတ်ခြင်း၊ နုန်းမြေများ ရှင်းလင်းခြင်းနှင့် ပြင်ဆင်ခြင်းလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

မေး ။  ။ ပြည်သူတွေ သိရှိအောင် ဖြည့်စွက်ပြောကြားချင်တာရှိရင်လည်း ပြောပြပေးပါ။

ဖြေ ။   ။ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေနဲ့ ပြည်သူတွေကို အသိပေးလိုတာရှိပါတယ်။ ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ရင် အများပြည်သူအနေနဲ့ မိမိအိမ်အထိ ရေရောက်ပြီဆိုတာနဲ့ မီးလာနေသည်ဖြစ်စေ၊ မီးပျက်နေသည်ဖြစ်စေ အရင်ဆုံးနေအိမ်ရှိ မိန်းခလုတ်ကိုပိတ်ထားဖို့ လိုအပ်ပါတယ်။ ပြီးမှလျှပ်စစ်ဌာနကို အကြောင်းကြားပေးဖို့လိုအပ်ပါတယ်။

ပြည်သူတွေအနေနဲ့ လျှပ်စစ် ဓာတ်အားပေးထားတဲ့နေရာတွေမှာ ရေစိုတဲ့ခန္ဓာကိုယ်၊ ခြေ၊ လက်တွေနဲ့ လျှပ်စစ်အသုံးအဆောင်ပစ္စည်းတွေကို ကိုင်တွယ်ရာမှာ အထူးဂရုပြုကိုင်တွယ်ဖို့ လိုအပ်ပါတယ်။ ရေစိုတဲ့ ခန္ဓာကိုယ်ဟာ လျှပ်စစ်စီးမှု အားကောင်းတဲ့အတွက် ဓာတ်လိုက်မှု ဖြစ်နိုင်ခြေအများဆုံးဖြစ်သလို ထိခိုက်သေဆုံးမှု အများဆုံးဖြစ်နိုင်ပါတယ်။

ဒါကြောင့် အများပြည်သူအနေနဲ့ ရေစိုနေတဲ့အချိန်မှာ လျှပ်စစ်ပစ္စည်းတွေကို ကိုင်တွယ်ခြင်းမပြုဖို့၊ မလွှဲသာလို့ ကိုင်တွယ်ရရင်လည်း ခန္ဓာကိုယ်ကို ခြောက်သွေ့အောင်ပြုလုပ်ပြီးမှသာ ဒါမှမဟုတ်ရင် လျှပ်ကာပစ္စည်းတစ်ခုခု အသုံးပြုပြီး ကိုင်တွယ်ဆောင်ရွက်သင့်ပါတယ်။ နောက်တစ်ချက်က ရေကြီး လာတဲ့အတွက် ဓာတ်အားလွှတ်ထားတဲ့ လျှပ်စစ်ဓာတ်အားလိုင်းကြိုးနဲ့ ရေမျက်နှာပြင် နီးကပ်လာတာတွေ ရှိပါတယ်။

တချို့ရေတက်တဲ့အချိန် ရေထဲကနေ လှေနဲ့သွားလာလုပ်ကိုင်ရတာတွေ ရှိပါတယ်။ အဲဒီလို သွားတဲ့အချိန် ဓာတ်အားလိုင်းကြိုးနဲ့ ရေပြင်နီးကပ်တဲ့အချိန်မှာ ဓာတ်အားလိုင်းကြိုးအောက်ကနေ အမှုမဲ့အမှတ်မဲ့ ဖြတ်သန်းသွားလာခြင်းမပြုဖို့ အသိပေးပြောကြားလိုပါတယ်။ နောက်တစ်ချက်က ရေထဲပြုတ်ကျနေတဲ့ ဆားဗစ်ကြိုးတွေ၊ ဓာတ်အားလိုင်းကြိုးတွေကို ကိုင်တွယ်ခြင်းမပြုဖို့နဲ့ တွေ့ရှိက နီးစပ်ရာလျှပ်စစ်ရုံးတွေမှာ အကြောင်းကြားပေးဖို့ ပြောကြားလိုပါတယ်။

အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

မင်းဟန်