နေပြည်တော် စက်တင်ဘာ ၂၄
နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ်သစ်ခေါက်ခွကျေးရွာ အခြေခံပညာမူလတန်းကျောင်းနှင့် သုခါရာမကျောင်းတိုက်အတွင်း၌ ရေဝင်ရောက်ပြီး တင်ကျန်နေသည့် နုန်းများ၊ သစ်ကိုင်းများနှင့် အမှိုက်များကို တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုပြီး ကျောင်းများ အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းနှင့် ကျောင်းဝင်း ကျင်သန့်ရှင်းရေးနှင့် ပြန်လည်ပြုပြင်ရန် လိုအပ်သည်များကို ပြင်ဆင်ဆောင်ရွက်ရန် မှာကြားပြီး လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။
ထောက်ပံ့ပေးအပ်
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် သုခါရာမကျောင်းတိုက်၌ ရေဘေးသင့် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုကို ကြည့်ရှုအားပေးပြီး ကျောင်းထိုင်ဆရာတော်အား ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ ရေဘေးသင့်ပြည်သူများအတွက် စားသောက်ဖွယ်ရာများ၊ လူသုံးကုန်ပစ္စည်းများနှင့် ထမင်းဘူးများ ထောက်ပံ့ပေးအပ်သည်။
ဆက်ကပ်လှူဒါန်း
ယင်းနောက် လယ်ဝေးမြို့နယ် စမတောင်မဟာပရဟိတလူငယ် ဖွံ့ဖြိုးရေးဥယျာဉ်ကျောင်း ဆရာတော်အား သွားရောက်ဖူးမြော်ကြည်ညို၍ အလှူငွေများ ဆက်ကပ်လှူဒါန်းကြောင်း သိရသည်။
သတင်းစဉ်