Skip to main content

ဥပဒေရေးရာဝန်ကြီးဌာနက ဥပဒေဘာသာပြန် စာအုပ်အမှတ် (၁၄) ထုတ်ဝေ

နေပြည်တော် စက်တင်ဘာ ၂၃

ဥပဒေရေးရာဝန်ကြီးဌာနသည် ဥပဒေဘာသာပြန်ကော်မရှင်က မြန်မာဘာသာသို့ ပြန်ဆိုပြီးသည့် ဥပဒေများကို စာအုပ်ထုတ်ဝေလျက်ရှိရာ ဘာသာပြန်စာအုပ်အမှတ် (၁၄) စာအုပ်ကို ထုတ်ဝေပြီး ဖြစ်သည်။

ဥပဒေဘာသာပြန်ကော်မရှင်အဖွဲ့ကို ဥပဒေဘာသာပြန် ကော်မရှင်ဥပဒေအရ ၂၀၁၆ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ကာ ဥပဒေပညာရှင်များ၊ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်ပညာရှင်များဖြင့် ဖွဲ့စည်းထားသည်။

ဥပဒေဘာသာပြန်ကော်မရှင်အဖွဲ့သည် အင်္ဂလိပ်ဘာသာဖြင့် ပြဋ္ဌာန်းခဲ့သော ဥပဒေပေါင်း ၃၈ ခုကို မြန်ဘာဘာသာသို့ ပြန်ဆိုပြီး စာအုပ်အမှတ် (၁) မှ (၁၃) အထိ ပုံနှိပ်ထုတ်ဝေခဲ့ပြီးဖြစ်ပြီး ဥပဒေဘာသာပြန်စာအုပ်အမှတ် (၁၄) တွင် အာနန်ထိမ်းမြားခြင်း အက်ဥပဒေ (The Anand Marriage Act)၊ အမျိုးဇာတ်ပျက်ယွင်းခြင်းမှ ဖယ်ရှားသည့် အက်ဥပဒေ (The Caste Disabilities Removal Act)၊ ဟိန္ဒူဘာသာဝင်များ၏ ပစ္စည်းစီမံခန့်ခွဲခြင်း အက်ဥပဒေ (The Hindu Disposition of Property Act)၊ ဟိန္ဒူအမွေဆက်ခံခြင်း (မစွမ်းဆောင်နိုင်မှုကြောင့် အမွေဆက်ခံခွင့်မရှိခြင်းကို ဖယ်ရှားရေး) အက်ဥပဒေ (The Hindu Inheritance (Removal of Disabilities) Act)၊ ဟိန္ဒူဘာသာဝင်များ၏ အမွေဆက်ခံခြင်းဥပဒေကို ပြင်ဆင်သည့် အက်ဥပဒေ (The Hindu Law of Inheritance Amendment Act)၊ ဟိန္ဒူများ ပညာလေ့လာသင်ယူခြင်းမှ အကျိုးအမြတ်ဆိုင်ရာ အက်ဥပဒေ (The Hindu Gains of Learning Act)၊ မွတ်စလင်ဝါကပ်ဖ်အက်ဥပဒေ (The Mussalman Wakf Act)၊ မွတ်စလင်ဝါကပ်ဖ် တရားဝင်ခြင်းအက်ဥပဒေ (The Mussalman Wakf Validating Act)၊ ကာဇစ်အက်ဥပဒေ (The Kazis Act) တို့ကို မြန်မာဘာသာသို့ ပြန်ဆိုခဲ့ပြီး အဆိုပါမြန်မာဘာသာ ပြန်ဆိုထားသည့် ဥပဒေများသည် ဥပဒေဘာသာပြန်ကော်မရှင်ဥပဒေပုဒ်မ ၁၂ အရ မူလစာမူနှင့် အလားတူအာဏာတည်ကြောင်း ဥပဒေဘာသာပြန်ကော်မရှင်၏ အမိန့်အမှတ် ၁/၂၀၂၄ ဖြင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။

ဘာသာပြန်ဆိုပြီးသည့် အက်ဥပဒေ ၉ ခုကို စုစည်း၍ ဥပဒေဘာသာပြန်စာအုပ်အမှတ် (၁၄) အဖြစ် ပြုစုထုတ်ဝေခြင်းဖြစ်ပြီး မြန်မာဘာသာပြန်ဆိုချက်များကို မူလစာမူနှင့် ယှဉ်တွဲဖတ်ရှုလေ့လာနိုင်ရန် မူလအင်္ဂလိပ်စာမူကိုလည်း ဤစာအုပ်တွင် ထည့်သွင်းဖော်ပြထားသည်။

ဥပဒေရေးရာဝန်ကြီးဌာနက ထုတ်ဝေသည့် ဥပဒေဘာသာပြန် စာအုပ်အမှတ် (၁၄) သည် တရားဝင်ကိုးကားသုံးစွဲနိုင်သည့် စာအုပ်တစ်အုပ်ဖြစ်သည့်အပြင် ဥပဒေပညာရှင်များ၊ ရှေ့နေရှေ့ရပ်များနှင့် ဥပဒေပညာလေ့လာလိုသူများအတွက် အသုံးဝင်မည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပြီး စာကြည့်တိုက်များတွင် ထားရှိသင့်သည့် စာအုပ်တစ်အုပ်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်