Skip to main content

တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် စေတနာရှင် ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့် ဆွမ်းပဒေသာပင် အလှူငွေများ လှူဒါန်းပွဲအခမ်းအနားကျင်းပ

နေပြည်တော် စက်တင်ဘာ ၂၂

တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများနှင့် စေတနာရှင် ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့် ဆွမ်းပဒေသာပင် အလှူငွေများလှူဒါန်းပွဲကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်၊ တပ်ကုန်းမြို့၊ ငွေတောင်တောရကျောင်းတိုက်၌ ကျင်းပသည်။

အခမ်းအနားသို့ တပ်ကုန်းမြို့၊ စန္ဒိမာရာမ ဂိုဏ်းထောက်ပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော်အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစန္ဒိမာဓဇအမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်တော်မူကြပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီးစိုးတင့်နိုင်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် စေတနာရှင်အလှူရှင်များ တက်ရောက်ကြသည်။

ဦးစွာ တက်ရောက်လာကြသည့် ဧည့်ပရိတ်သတ်များက ဂိုဏ်းထောက်ပရိယတ္တိစာသင်တိုက် ဆရာတော်ဘဒ္ဒန္တစန္ဒိမာဓဇထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များ ရွတ်ပွားသရဇ္ဇျာယ်သည့် မေတ္တသုတ်ပရိတ်တရားတော်များကို နာကြားကြသည်။

ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များထံ လှူဖွယ်ပစ္စည်းများ အသီးသီးဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် အလှူရှင်များက လှူဒါန်းသောဆွမ်းဆန်တော်နှင့် ဆီ၊ ဆား၊ ပဲ၊ ဆေးများအား ဂိုဏ်းထောက် ပရိယတ္တိစာသင်တိုက် ဆရာတော်နှင့် ဆရာတော်၊ သံဃာတော်များအား ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ) နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ)မှ အရာရှိကြီးများက ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် ဆွမ်းပဒေသာပင် အလှူတော်ငွေများကို တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် အလှူရှင်များက အသီးသီးပေးအပ်လှူဒါန်းကြရာ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့် တာဝန်ရှိသူများက လက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။ ယင်းနောက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့် ဆွမ်းပဒေသာပင်များ လှူဒါန်းရခြင်းရည်ရွယ်ချက်အား တပ်မတော်အရာရှိကြီး တစ်ဦးမှ ရှင်းလင်းလျှောက်ထားသည်။

ထို့နောက် တပ်ကုန်းမြို့၊ ငွေတောင်တောရကျောင်းတိုက် ဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိဇ္ဇောတကထံမှ အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားအားရုပ်သိမ်းသည်။

နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ဇေယျာသီရိမြို့နယ်နှင့် ပုဗ္ဗသီရီမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့် ဘိုးဘွားရိပ်သာတို့အတွက် တပ်မတော် (ကြည်း၊ရေ၊ လေ) မိသားစုများနှင့် စေတနာရှင်ပြည်သူများက ၂၀၀၆ ခုနှစ်မှစ၍ နှစ်စဉ်လှူဒါန်းလျက်ရှိပြီး ယနေ့လှူဒါန်းမှုအစုစုမှာ အလှူငွေကျပ် ၂၀၄ သိန်း ၆ သောင်း ၉ ထောင်ကျပ်၊ ဆန် ၅၁၇ အိတ်၊ ဆီ ၁၅၅ ပိဿာ ၁၀ ကျပ်သား၊ ပဲ ၁၅၅၁ ပိဿာ၊ ဆား ၁၅၅၁ ပိဿာ၊ ဆေးမျိုးစုံ ၇၅၆ ဘူးတို့အား လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။