Skip to main content

သမဝါယမလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းဆောင်ရွက်မှုနှင့် ချေးငွေလုပ်ငန်းကြီးကြပ်မှုဗဟိုကော်မတီ အစည်းအဝေးကျင်းပ

နေပြည်တော် စက်တင်ဘာ ၁၉

သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဆောင်ရွက်မှုနှင့် ချေးငွေလုပ်ငန်းကြီးကြပ်မှုဗဟိုကော်မတီအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနဆိုင်ရာများ၊ ဗဟိုသမဝါယမအသင်းမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ပြည်နယ်သမဝါယမဦးစီးမှူးများ၊ သမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ပန်းတိုင်အထွက်နှုန်းရရှိအောင်ရည်မှန်း ဦးစွာ ဒုတိယဝန်ကြီးက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် မိုးစပါးအတွက် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်များအနေဖြင့် မိုးစပါးစိုက်ဧက ၁၆၀၅၅၁ ဧကအတွက် ငွေကျပ် ၃၁ ဒသမ ၀၁၂ ဘီလီယံ၊ ဝါသီးနှံစိုက်ဧက ၉၆၀၀၀ အတွက် ငွေကျပ် ၁၉ ဒသမ ၂ ဘီလီယံ၊ ဆီထွက်သီးနှံ(နေကြာ)စိုက် ဧက ၁၃၇၀၀၀ အတွက် ငွေကျပ် ၂၇ ဒသမ ၄  ဘီလီယံတို့ကို နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ၊ ဘတ်ဂျက်ငွေနှင့် အသင်းပိုင်ငွေတို့ဖြင့် ဆောင်ရွက်ရမည်ဖြစ်သည့်အတွက် ပန်းတိုင်အထွက်နှုန်းရရှိအောင် ရည်မှန်းချက်ထား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

သဘာဝဘေးကြောင့်ပျက်စီးသွားသည့် တိုင်းဒေသကြီး၊ ပြည်နယ်ငါးခု၊ မြို့နယ် ၂၁ ခု၊ သမဝါယမအသင်း ၁၅၄ သင်း၊ အသင်းသား ၃၉၈၇ ဦး၏ မိုးစပါးလယ်ဧက ၇၂၂၆ ဧကအတွက် ထိုင်းနှံကောက်၊ GW-11 စသည့် မျိုးထုတ်လုပ်သည့် ကုမ္ပဏီများနှင့်ချိတ်ဆက်၍ တိုင်းဒေသကြီး၊ ပြည်နယ်ဦးစီးမှူးများက အခြေခံသမဝါယမအသင်း BOD များကိုပေးပြီး BOD များမှတစ်ဆင့် အသင်းသားများကို သီးနှံပေါ်ပေးစနစ်ဖြင့် စက်တင်ဘာလအတွင်း ပြီးပြတ်အောင် မျိုးများ မြန်မြန်ဖြန့်ဝေပေးသွားကြရန် တိုက်တွန်းမှာကြားသည်။

ထို့နောက် သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရက သမဝါယမလုပ်ငန်းဆောင်ရွက်နေမှုများကိုလည်းကောင်း၊ ဗဟိုသမဝါယမအသင်းမှ တာဝန်ရှိသူနှင့် အစည်းအဝေးသို့တက်ရောက်လာကြသည့် တိုင်းဒေသကြီး၊ ပြည်နယ်သမဝါယမဦးစီးမှူးများ၊ သမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌများက အကောင်အထည်ဖော်ဆောင်ရွက်နေသည့် သမဝါယမလုပ်ငန်းများကိုလည်းကောင်း ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်