Skip to main content

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က လှူဒါန်းသည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး(OCV) ၂ ဒသမ ၄၅ သန်း doses ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိ

ရန်ကုန် စက်တင်ဘာ ၁၉

ကျန်းမာရေးဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသော ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ တုံ့ပြန်ဆောင်ရွက်ရေးနှင့် ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)မှ လှူဒါန်းသည့် အမေရိကန်ဒေါ်လာ ၄ ဒသမ ၀၅ သန်းတန်ဖိုးရှိ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး (Oral Cholera Vaccine-OCV) ၂ ဒသမ ၄၅ သန်း doses သည် စက်တင်ဘာ ၁၇ ရက်နှင့် ၁၉ ရက်တို့တွက် လေယာဉ်အမှတ် WW211 ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိပြီး တာဝန်ရှိသူများက မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးအပ်သည်။

လက်ခံရယူ

ထိုသို့လွှဲပြောင်းပေးအပ်ရာတွင် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာနန္ဒဝင်းနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ဗဟိုကာကွယ်ဆေး အအေးခန်း(ရန်ကုန်)သို့ အအေးလမ်းကြောင်း မပြတ်ပို့ဆောင်ခဲ့သည်။

အဆိုပါ ကာကွယ်ဆေးများကို ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါကူးစက်ဖြစ်ပွားခဲ့သော မြို့နယ်၊ ရပ်ကွက်များရှိ စာသင်ကျောင်းများ၊ သင်တန်းကျောင်းများ၊ ဘော်ဒါဆောင်များ၊ ဘုန်းတော်ကြီးပညာသင်ကျောင်းများ၊ သီလရှင်ကျောင်းများ၊ ပရဟိတဂေဟာကျောင်းများ၊ ဘာသာရေးကျောင်းများ၊ မိဘမဲ့ကျောင်းများ၊ ဘိုးဘွားရိပ်သာများ၊ ကယ်ဆယ်ရေးစခန်းများ၊ ဈေးများ၊ အစားအသောက်ဆိုင်တန်းများ၊ စက်ရုံ၊ အလုပ်ရုံများ၊ အကျဉ်းထောင်များ၊ လူနေထူထပ်ပြီး သန့်ရှင်းသောသောက်သုံးရေနှင့် ပတ်ဝန်းကျင်သန့်ရှင်းမှု အားနည်းသောနေရာများတွင် တုံ့ပြန်ကာကွယ်ဆေး တိုက်ကျွေးခြင်းလုပ်ငန်းများကို ဦးတည်အုပ်စုများအလိုက် ဦးစားပေးတိုက်ကျွေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်