နေပြည်တော် စက်တင်ဘာ ၁၉
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ဝက်ဖြူကုန်းကျေးရွာ ရွှေဖြူရတနာစာသင်တိုက်တွင် ယာယီရေဘေးရှောင် ရွာသူ၊ ရွာသားများယမန်နေ့က အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ပြီး သတင်းရလျှင်ရချင်း ကျန်းမာရေးဝန်ကြီးဌာနမှ ကွင်းဆင်း၍ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ် ဝါးတီးကျေးလက်ကျန်းမာရေးဌာနအပိုင်၊ ဝက်ဖြူကုန်းကျေးရွာ ရွှေဖြူရတနာစာသင်တိုက်တွင် ယာယီရေဘေးရှောင် ရွာသူ၊ ရွာသားများ ယမန်နေ့နံနက်ပိုင်းက အလှူရှင်များမှ လာရောက်လှူဒါန်းသော ကြာဆံကြော်၊ အချဉ်နှင့် ထမင်း၊ ကြက်ဥမန်ကျည်းမှည့်ချက်များကို စားသုံးပြီး ည ၈ နာရီတွင် ဗိုက်နာခြင်း၊ အော့အန်ခြင်းနှင့် ဝမ်းလျှောခြင်းစသည့် အစာအဆိပ်သင့်ရောဂါလက္ခဏာများဖြစ်ပွား၍ တောင်ငူမြို့ရှိ ပြည်သူ့ဆေးရုံကြီးသို့ ပြင်ပလူနာအဖြစ် ၆၈ ဦး၊ အတွင်းလူနာအဖြစ် ၆၅ ဦး လာရောက်ကုသမှုခံယူခဲ့ရာ ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများက အနီးကပ်ကြည့်ရှုကုသမှုပေးခဲ့သည့်အတွက် လူနာများအခြေအနေသည် သက်သာကောင်းမွန်လျက်ရှိကြောင်း သိရသည်။
အဆိုပါဖြစ်စဉ် သတင်းရရှိသည်နှင့် ယမန်နေ့ညနေပိုင်းတွင် ရောဂါဖြစ်ပွားရာ ဝက်ဖြူကုန်းကျေးရွာ ရွှေဖြူရတနာစာသင်တိုက်သို့ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး၊ အုတ်တွင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် ကျန်းမာရေးဝန်ထမ်းများပါဝင်သော ကွင်းဆင်းအဖွဲ့နှင့် ညောင်လေးပင်မြို့နယ် ဆရာဝန်ဦးဆောင်သော ဆေးအဖွဲ့တို့ကကွင်းဆင်း၍ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
ဆေးရုံတက်လူနာများအနက် အတွင်းလူနာ ၄၁ ဦးသည် ရောဂါသက်သာကောင်းမွန်သဖြင့် ယနေ့နံနက်ပိုင်းတွင် ဆေးရုံမှဆင်းခွင့်ပြုပြီးဖြစ်သည်။
အလှူရှင်များအနေဖြင့် သဘာဝဘေးဒဏ်ခံစားရသော ပြည်သူများအားအစားအသောက်များ လှူဒါန်းရာတွင် ပူပူနွေးနွေးပြင်ဆင်ထားသည့် သန့်ရှင်းသော အစားအသောက်များကို မြို့နယ်အလိုက် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှိ ကြီးကြပ်ရေးအဖွဲ့၊ စီမံခန့်ခွဲမှုအဖွဲ့များမှတစ်ဆင့် ပေးပို့လှူဒါန်းကြရန်၊ ယာယီကယ်ဆယ်ရေးစခန်းများတွင် တာဝန်ယူဆောင်ရွက်နေကြသော စီမံခန့်ခွဲမှုအဖွဲ့နှင့် ကျန်းမာရေးဝန်ထမ်းများက စခန်းများတွင် လှူဒါန်းကြသော အစားအသောက်များအား ကျန်းမာရေးနှင့် ညီညွတ်စေရန်နှင့် သန့်ရှင်းမှုရှိစေရန် ကြီးကြပ်ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်ပေးကြပါရန် ကျန်းမာရေးဝန်ကြီးဌာနမှ တိုက်တွန်းနှိုးဆော်ထားကြောင်း သိရသည်။
သတင်းစဉ်