Skip to main content

အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်)၌ EV ဘက်ထရီစွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုဆိုင်ရာ မူဝါဒ(မူကြမ်း)နှင့် စပ်လျဉ်းသည့် Stakeholder အစည်းအဝေးကျင်းပ

နေပြည်တော် စက်တင်ဘာ ၁၉

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီမှ ချမှတ်ထားသော မူဝါဒ၊ညွှန်ကြားချက်များနှင့်အညီ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနသည် နိုင်ငံတော်တွင် လျှပ်စစ်သုံးယာဉ် (Electric Vehicle၊ EV) နည်းပညာဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌဖြစ်သူ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယမန်နေ့က ရန်ကုန်မြို့ရှိ အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်)တွင် ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံလျှပ်စစ်သုံးယာဉ်များ၏ ဘက်ထရီစွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုဆိုင်ရာမူဝါဒ(မူကြမ်း)နှင့်စပ်လျဉ်း၍ Stakeholder အစည်းအဝေးကို တက်ရောက်အမှာစကားပြောကြားသည်။

ဒုတိယဝန်ကြီးက ပြောကြားရာတွင် နိုင်ငံတော်၌ EV ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီက ၂၀၅၀ ပြည့်နှစ်အထိ မူဝါဒများ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ EV သုံးစွဲမှုများ တိုးတက်လာသည်နှင့်အမျှ EV Battery စွန့်ပစ်ပစ္စည်းများရှိလာမည်ဖြစ်ရာ စွန့်ပစ်ခြင်းနှင့် ပြန်လည်အသုံးပြုခြင်းမှ သဘာဝပတ်ဝန်းကျင်နှင့် ပြည်သူများ၏ ကျန်းမာရေးအပေါ် ဆိုးကျိုးသက်ရောက်မှုများ လျှော့ချနိုင်ရေး၊ ရေရှည်အကျိုးစီးပွား ဖြစ်ထွန်းရေး မျှော်မှန်းကာ ဘက်ထရီစွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုဆိုင်ရာ မူဝါဒ(မူကြမ်း)ကို ဆက်စပ်ဌာနများနှင့် ပူးပေါင်းရေးဆွဲလျက်ရှိကြောင်း၊၊

EV ဘက်ထရီ ထုတ်လုပ်ရေးဆိုင်ရာ သယံဇာတရင်းမြစ်များသည် အကန့်အသတ်ရှိပြီး အကျိုးရှိစွာ သုံးစွဲနိုင်ရန်အတွက် အချိန်မတိုင်မီ စွန့်ပစ်ခြင်းမှကြိုတင်ကာကွယ်မှု (Prevention)၊ ပထမသက်တမ်းအတွက် အသုံးပြုပြီးသား ဘက်ထရီဆဲလ်များကို ဒုတိယသက်တမ်းအတွက် ပြန်လည်အသုံးပြုခြင်း(Reuse)၊ ဘက်ထရီများရှိ အဖိုးတန်ကုန်ကြမ်းများကို ပြန်လည်ထိန်းသိမ်းအသုံးချခြင်း (Recycling)၊ စွမ်းအင်အတွက် ပြန်လည်ရယူထားသော ဘက်ထရီပစ္စည်းများကိုအသုံးပြုခြင်း (Recovery)၊ ဘက်ထရီများရှိ အဖိုးတန်ပစ္စည်းများအားလုံး ကုန်ဆုံးချိန်မှသာ စွန့်ပစ်ခြင်း (Disposal)တို့အတွက် လုပ်ငန်းစဉ်များအလိုက် စည်းမျဉ်းစည်းကမ်းအချက်များ (မူကြမ်း)များကို ရေးဆွဲလျက်ရှိရာ ဆက်စပ်ဌာနများ၊ ပြင်ပ EV အဖွဲ့အစည်းများပါဝင်သော Stakeholder အားလုံးထံမှ သဘောထားများနှင့် အကြံဉာဏ်များရယူကာ ပိုမိုပြည့်စုံသော မူဝါဒ(မူကြမ်း)ကို ရေးဆွဲနိုင်ရေး ယနေ့ဆွေးနွေးကြရခြင်းဖြစ်ကြောင်း၊ ရလဒ်များကို အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီထံ ဆက်လက်တင်ပြဆောင်ရွက်သွားရန်ရှိပါကြောင်း။

EV ဆိုင်ရာ စံချိန်စံညွှန်း ၁၈ ခုတို့ကို သတ်မှတ်ပြဋ္ဌာန်းခဲ့ပြီး EV ဘက်ထရီအတွက် ခြောက်ခုပါဝင်ကြောင်း၊ EV Battery စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုဆိုင်ရာ သုတေသန၊ နည်းပညာနှင့် ပညာရှင်ရင်းမြစ်များ ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ EV ဘက်ထရီသက်တမ်းနှင့်အညီ သုံးစွဲမှု၊ ဘေးကင်းလုံခြုံစွာထိန်းသိမ်းမှုနှင့် စွန့်ပစ်မှုများအတွက် လိုက်နာရမည့် စည်းကမ်းချက်များ၊ စံချိန်စံညွှန်းများနှင့် လုပ်ငန်းစဉ်(SOP)များကို EV သုံးစွဲသူပြည်သူများ၊ ရင်းနှီးမြှုပ်နှံသူများ၏ လက်ဝယ်အရောက် အသိပညာဖြန့်ဝေပေးရေးလုပ်ငန်းများကို ထိထိရောက်ရောက် ကျယ်ကျယ်ပြန့်ပြန့်ဖြစ်စေရေး အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားသည်။

အစည်းအဝေးသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် ဆက်စပ်ဌာနများမှ တာဝန်ရှိသူများ၊ မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ အော်တိုမိုတစ်အသင်းမှ ဥက္ကဋ္ဌအပါအဝင် EV ပုဂ္ဂလိက အဖွဲ့အစည်း ၇၀ တို့မှ ကိုယ်စားလှယ်များ တက်ရောက်ကာ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။ ယင်းနောက် ဒုတိယဝန်ကြီးနှင့် အစည်းအဝေး တက်ရောက်သူများသည် EV အလုပ်ရုံအတွင်း ကျောင်းသား ကျောင်းသူများ လက်တွေ့လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးကာ EV သင်တန်းဆိုင်ရာ အဆင့်မြင့်သင်ထောက်ကူပစ္စည်းများ ဖြည့်ဆည်းထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် Mechanical Workshop အတွင်း ကျောင်းသားများ၏ သုတေသနပရောဂျက် ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်