နေပြည်တော် စက်တင်ဘာ ၁၉
အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေဘေးသင့်ခဲ့သည့် မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင်အတွင်းနှင့် တပ်ကုန်းမြို့နယ်အတွင်းရှိ ကျေးရွာများသို့ သွားရောက်ကြည့်ရှုအားပေးစကားပြောကြားသည်။
ရှင်းလင်းတင်ပြ
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရမည်းသင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဝင်များနှင့်တွေ့ဆုံရာ ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥက္ကဋ္ဌက ရမည်းသင်းခရိုင်အတွင်း ရေကြီးရေလျှံမှုများကြောင့် လူနေအိမ်များ၊ စာသင်ကျောင်းများ၊ လမ်း၊ တံတားများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ပျက်စီးဆုံးရှုံးမှုနှင့် ရေဘေးသင့်ပြည်သူများအား စားသောက်ကုန်၊ လူသုံးကုန်နှင့် ကျန်းမာရေးထောက်ပံ့ပေးနေမှုနှင့် ပြန်လည်ထူထောင်ရေးဆောင်ရွက်ပေးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာဌာနများအားလုံး ဝိုင်းဝန်းဆောင်ရွက်ကြရန်နှင့် ရေဘေးသင့်ဒေသများ မူလအခြေအနေထက် သာလွန်အောင်ဆောင်ရွက်သွားရန်၊ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုမရှိစေရေး အမြန်ဆုံး ဆောင်ရွက်သွားရန် မှာကြားပြီး ရေဘေးသင့်ပြည်သူများအတွက် ငွေကျပ် ၅၅ ဒသမ ၇၄၅ သိန်း တန်ဖိုးနှင့်ညီမျှသည့် ဆန်၊ ဆီအပါအဝင် စားသောက်ကုန်ပစ္စည်းများအား ထောက်ပံ့ပေးအပ်သည်။
ထောက်ပံ့ပေးအပ်
ယင်းနောက် ပျော်ဘွယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဝင်များနှင့်တွေ့ဆုံရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ပျော်ဘွယ်မြို့နယ်အတွင်း ရေကြီးရေလျှံခဲ့မှုနှင့် ပျက်စီးဆုံးရှုံးမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြား၍ ရေဘေးသင့်ပြည်သူများအတွက် ဆန်၊ ဆီအပါအဝင် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။
ဆက်လက်၍ ပျော်ဘွယ်မြို့နယ်၊ အရှေ့လျှော်ဖြူကုန်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၌ ဖွင့်လှစ်ထားသည့် ယာယီရေဘေးကာကွယ်ရေးစခန်းတွင် ရောက်ရှိနေသည့် လျှော်ဖြူကုန်းကျေးရွာ ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံအားပေးစကားပြောကြားပြီး ရေဘေးသင့်ပြည်သူများအတွက် ဆန်၊ ဆီအပါအဝင် စားသောက်ကုန်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများကို ထောက်ပံ့ပေးအပ်သည်။
ထို့နောက် ပျော်ဘွယ်မြို့နယ် ဘုရားငါးဆူလမ်းမှ နေပူကုန်း-ဆူးချင်ကုန်း ကျေးရွာချင်းဆက် လမ်းရေတိုက်စားပျက်စီးမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ပြန်လည်ပြင်ဆင်ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားသည်။
ယင်းနောက် ပျော်ဘွယ်မြို့ စိုက်ပျိုးရေးဦးစီးဌာန ဝါသီးနှံမျိုးသန့်ခြံရှိ ရှင်းလင်းဆောင်၌ ပျော်ဘွယ်မြို့နယ်အတွင်းရှိ ဆီ ထွက်သီးနှံ နေကြာစိုက်တောင်သူများ၊ ဝါစိုက်တောင်သူများနှင့် တွေ့ဆုံပြီး ပျော်ဘွယ်မြို့နယ်အတွင်း သမဝါယမအသင်း(၃)သင်းမှ နေကြာစိုက်အသင်းသား တောင်သူ ၆၀ ၏ စိုက်ပျိုးမြေဧက ၂၁၂ ဧကအတွက် ရေဆင်းစပ်မျိုးနေကြာမျိုးစေ့နှင့် သွင်းအားစုများ တောင်သူများထံ ပေးအပ်သည်။
ဆက်လက်၍ ရမည်းသင်းမြို့နယ် ဆည်ကြီးကျေးရွာအုပ်စု ညောင်အိုင်ကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနပိုင် ရွေ့လျားရေသန့်စင်ကားဖြင့် သောက်သုံးရေဖြန့်ဝေပေးနေမှု၊ ကျေးရွာရှိ စက်ရေတွင်း၊ လူနေအိမ်များနှင့် စာသင်ကျောင်းရေကြီးနစ်မြုပ်ခဲ့ပြီး နုန်းများတင်ကျန်နေမှု၊ ကျေးရွာချင်းဆက် လမ်းများလမ်းပခုံးပျက်စီးမှုအခြေအနေများကို လည်းကောင်း၊ ချောင်းခွကျေးရွာအဝင် နဝင်းချောင်းတံတား(ချောင်းခွ) တံတားကမ်းကပ်ခုံများပျက်စီးခြင်း၊ ချဉ်းကပ်လမ်းရေတိုက်စား၍ လမ်းတာပေါင်ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့သဖြင့် လမ်းပန်းဆက်သွယ်မှု မပြတ်တောက်စေရေး ပြန်လည်ပြင်ဆင်ဆောင်ရွက်ပြီး မှုများကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဆွေးနွေးမှာကြားကာကျေးရွာ၌ အခြေချပြန်လည်နေထိုင်သည့် ချောင်းခွကျေးရွာရှိ အိမ်ထောင်စု(၅၈)စု၊ မကျီးပင်ကျေးရွာရှိ အိမ်ထောင်စု(၂၀)၊ အမှတ်(၁၀၉) ခြေမြန်တပ်ရင်းရှိ ရေဘေးသင့်တပ်မိသားစုများနှင့် ရေဘေးရှောင်အိမ်ထောင်စု(၁၁၀)တို့အတွက် အိမ်ထောင်စုတစ်စုလျှင် ဆန်(၆)ပြည်နှင့် ဆီ(၅၀)သားစီ ထောက်ပံ့ပေးအပ်သည်။
တပ်ကုန်းမြို့နယ် ချောင်းခွကျေးရွာအဝင် နဝင်းချောင်းကူးတံတား(ချောင်းခွ)အား ပြန်လည်ပြင်ဆင်ပြီးဖြစ်ပါသဖြင့် အများပြည်သူများ ပုံမှန်ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်