ရန်ကုန် စက်တင်ဘာ ၁၈
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းနှင့်အဖွဲ့သည် BRICS Media Summit သို့တက်ရောက်ရန် မော်စကိုမြို့၌ ရောက်ရှိနေကြသည့် မီဒီယာဆိုင်ရာကိုယ်စားလှယ်များနှင့်အတူ စက်တင်ဘာ ၁၆ ရက် နံနက်ပိုင်းတွင် မော်စကိုမြို့ရှိ အထင်ကရနေရာများဖြစ်သော ကရင်မလင်နန်းတော်နှင့် ရှေးဟောင်းပြတိုက်များ၊ အညတရသူရဲကောင်းတစ်ဦး၏ ဂူဗိမာန်၊ ရင်ပြင်နီ၊ ဗာစီလီး ဘလာရမ်း နီရီဘုရားကျောင်း၊ ဘာသာရေးဆိုင်ရာ အဓိကဘုရားကျောင်းနေရာများသို့ သွားရောက်ပြီး ကြည့်ရှုလေ့လာကြသည်။
အကြီးဆုံးမြို့များထဲမှ တစ်မြို့
မော်စကိုမြို့သည် Moskva မြစ်ပေါ်တွင်တည်ရှိပြီး လူဦးရေ ၁၃ သန်းကျော် နေထိုင်ကြောင်း သိရသည်။ မော်စကိုမြို့သည် ကမ္ဘာပေါ်ရှိ အကြီးဆုံးမြို့များထဲမှ တစ်မြို့ဖြစ်ပြီး မြို့အမည်မှာ Moskva မြစ်မှ ဆင်းသက်လာခြင်းဖြစ်သည်။
၁၁၅၆ ခုနှစ်တွင် ရုရှားမင်းသားကြီး ယူရီးရီဒေါ်လဂါရုကီးရီက ပထမဆုံးခံတပ်ကို ဘာရောဗြီ စကီးရီ (မှို) တောင်ကုန်းပေါ်၌တည်ဆောက်ခဲ့ပြီး ၁၆ ရာစုနှစ်များတွင် ထိုခံတပ်သည် ကရင်မလင် (နန်းတော်) အဖြစ် ပြောင်းလဲလာခဲ့ကြောင်းသိရသည်။ မင်းသားကြီးယူရီးရီ ဒေါ်လဂါရုကီးရီက မော်စကိုမြို့ကို တည်ဆောက်ခဲ့သည်ဟု အသိအမှတ်ပြုကြပြီး ရင်ပြင်နီမှာ ၁၅ ရာစုတွင် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ ထိုအချိန်က တော့ရဂ် (ဈေး) ဟုခေါ်ခဲ့ရာမှ ဖြည်းဖြည်းချင်း တော့ရဂ်သည် မြို့တော်၏ လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာကိစ္စများအတွက် အချက်အချာနေရာ ဖြစ်လာခဲ့သည်။ သတင်းများသိရှိနိုင်ရန်၊ ရှင်ဘုရင်၏ အမိန့်များကို ကြားသိနိုင်ရန်အတွက် လူများက ထိုနေရာသို့ သွားခဲ့ကြခြင်းဖြစ်သည်။ ၎င်းနေရာ၌ ရောင်းဝယ်ဖောက်ကားမှုများက အမြဲတမ်းဖြစ်နေခဲ့ သည်။ ဗာစီလီးဘလာရမ်းနီရီ ဘုရားရှိခိုးကျောင်းသည် ရင်ပြင်နီကို အဓိကအလှဆင်ထားသည်။ ထိုဘုရားကျောင်းကို ၁၅၆၁ ခုနှစ်က တည်ဆောက်ခဲ့ကြောင်း သိရသည်။ ၁၈၁၂ ခုနှစ်တွင် နပိုလီယံ၏ တပ်များကို အောင်နိုင်သည့် အထိမ်းအမှတ်အဖြစ် အများပြည်သူတို့၏ လှူဒါန်းငွေများဖြင့် တည်ဆောက်ခဲ့သော ခရစ်စထ်စပါစီးကျေးလ် (ကယ်တင်ရှင်ခရစ်တော်) ဘုရားရှိခိုးကျောင်းမှာလည်း စိတ်ဝင်စားစရာ သမိုင်းကြောင်းရှိသည်။ ၁၈၃၇ ခုနှစ်က စတင်တည်ဆောက်ခဲ့ပြီး ၁၈၈၃ ခုနှစ်တွင် ပြီးစီးကာ ဘုရားကျောင်းကို အကောင်းဆုံးပန်းချီဆရာများ၊ ပန်းပုဆရာများ၏လက်ရာများဖြင့် အလှဆင်ထားသည်။ ၁၉၉၅ ခုနှစ်တွင် ဘုရားကျောင်းပြုပြင်မွမ်းမံရေးလုပ်ငန်းများကိုစတင်ခဲ့ပြီး ၁၉၉၉ ခုနှစ် ဒီဇင်ဘာလတွင် ဆေးခြယ်အလှဆင်မှုများ ပြီးစီးသည်။ ၂၀၀၀ ပြည့်နှစ် ဩဂုတ် ၁၉ ရက်တွင် ခရစ်စထ်စပါစီးကျေးလ် ဘုရားရှိခိုးကျောင်းကြီးကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
ရှင်းလင်းဖြေကြား
ပြည်ထောင်စုဝန်ကြီးသည် Centre for Public and Business Cooperation with the Republic of the Myanmar ၏ သတင်းမီဒီယာအဖွဲ့နှင့်တွေ့ဆုံပြီး ရုရှား - မြန်မာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ဆောင်ရွက်နေမှုများ၊ မြန်မာနိုင်ငံ၏ ပကတိဖြစ်ရပ်မှန်အခြေအနေ၊ အာရှနိုင်ငံအချို့တွင် ကြုံတွေ့နေရသလို မြန်မာနိုင်ငံတွင်လည်း ရေဘေးအန္တရာယ် ကြုံတွေ့နေရမှု၊ နိုင်ငံတော်အကြီးအကဲနှင့် တာဝန်ရှိသူများက ရေဘေးကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်နေမှု၊ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းဖြေကြားသည်။
လက်ရှိအခြေအနေမှန်ဆွေးနွေး
ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် စက်တင်ဘာ ၁၇ ရက် နံနက်ပိုင်းတွင် မော်စကိုမြို့ရှိ ရုရှားဖက်ဒရေးနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးသို့ ရောက်ရှိပြီး သံအမတ်ကြီး ဦးသစ်လင်းအုန်း၊ စစ်သံမှူး ဗိုလ်မှူးချုပ်မိုးကျော်နှင့် သံရုံး၊ စစ်သံရုံးဝန်ထမ်းများအားတွေ့ဆုံကာ နိုင်ငံတော်၏ လက်ရှိအခြေအနေမှန်များ၊ သတင်းတုသတင်းမှားများအပေါ် ဆန်းစစ်ဝေဖန်ပိုင်းခြားနိုင်ရေး၊ နိုင်ငံတော်ဝန်ကြီးချုပ်ဦးဆောင်၍ ယနေ့ ပညာရေး၊ ကျန်းမာရေး၊ ရေဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး၊ နိုင်ငံတော်လုံခြုံရေးအတွက် ဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက သံအမတ်ကြီး၊ စစ်သံမှူးနှင့် ဝန်ထမ်းများအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တည်းခိုသည့် Plaza Garden ဟိုတယ်၌ ရုရှား Roscongress မှ အရှေ့တောင်အာရှဆိုင်ရာအကြီးအကဲ Mr. Sergey Vladimirovich နှင့် အလွတ်သဘောတွေ့ဆုံ၍ ရုရှား - မြန်မာ မီဒီယာပူးပေါင်းဆောင်ရွက်မှုများ အမြန်ဆုံး အကောင်အထည်ဖော်ရေးနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ညနေပိုင်းတွင် မော်စကိုမြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာလာရာ ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြသည်။
ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့်အဖွဲ့အား မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးမှ တာဝန်ရှိသူများ၊ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။
သတင်းစဉ်