Skip to main content

ဗမာပြည်သူ့ပါတီက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြ

နေပြည်တော် စက်တင်ဘာ ၁၇

ဗမာပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးအောင်သန်းတင့်က ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၁၇ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။ အဆိုပါ ဟောပြောတင်ပြချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

လေးစားအပ်ပါတဲ့ မဲဆန္ဒရှင်ပြည်သူလူထုကြီးခင်ဗျား-

ကျွန်တော်ကတော့ ဗမာပြည်သူ့ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဥက္ကဋ္ဌ ဦးအောင်သန်းတင့် ဖြစ်ပါတယ်။ မြန်မာနိုင်ငံသူ/ သားအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေလို့ ဆန္ဒပြုပါတယ်။

ယနေ့ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအကူးအပြောင်းကာလမှာ ဒီမိုကရေစီ အခြေခိုင်မာရန်အတွက် လာမယ့် ၂၀၂၀ ရွေးကောက်ပွဲ အခင်းအကျင်းကသာ အဆုံးအဖြတ်ပေးမှာ ဖြစ်ပါတယ်။ ဒါကြောင့် လာမယ့်လွှတ်တော်အတွက် စိတ်ဓာတ်အမြင့်မားဆုံး၊ အရည်အချင်းအရှိဆုံးနဲ့ အတွေ့အကြုံရင့်ကျက်တဲ့ လွှတ်တော်ကိုယ်စားလှယ်များ လိုအပ်မှာမလွဲမသွေ ဖြစ်ပါတယ်။

အနာဂတ်မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ လွှတ်တော်ရဲ့ အခန်းကဏ္ဍက ရှေ့တန်းရောက်မှာဖြစ်သလို လွှတ်တော် အားကောင်း မောင်းသန်ဖြစ်ရေးအတွက် အရည်အချင်း ပြည့်မီသော လွှတ်တော်ကိုယ်စားလှယ်များရရှိရေးမှာလည်း အလွန်တရာမှ အရေးကြီးလာပါတယ်။ သို့မှသာ အဓိကမဏ္ဍိုင်ကြီး ၃ ခုအနက် တစ်ခုဖြစ်တဲ့ ဥပဒေ ပြုရေးမဏ္ဍိုင်ကို လူသစ်၊ စိတ်သစ်၊ အတွေးအခေါ်သစ်၊ အင်အားသစ်၊ စနစ်သစ်များဖြင့် တည်ဆောက်နိုင်မယ့် အခွင့်အလမ်းကောင်းကို လက်ဝယ်ပိုင် ပိုင်ရရှိမှာဖြစ်ပါတယ်။

ကျွန်တော်တို့ ဗမာပြည်သူ့ပါတီအနေနဲ့ ပြောချင်တာကတော့ “ပြောင်းလဲချိန်တန်ပြီ” “စဉ်းစားချိန်တန်ပြီ” ဆိုတာတွေနဲ့ မလုံလောက်တော့ဘူး၊ “ပြောင်းလဲမှုတွေလုပ်ဖို့ လိုနေပြီ” လို့ ပြောချင်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတွေ “ပြောင်းလဲမှုတွေ လုပ်ဖို့လိုနေပြီ”။
- ဆင်းရဲမွဲတေမှု ပပျောက်ရေး ပြောင်းလဲမှုတွေ လုပ်ဖို့လိုနေပြီ။

- တရားဥပဒေစိုးမိုးရေး ပြောင်းလဲမှုတွေ လုပ်ဖို့လိုနေပြီ။

- လူမှုဘဝလုံခြုံရေး ပြောင်းလဲမှုတွေ လုပ်ဖို့လိုနေပြီ။

- ကုန်ဈေးနှုန်း ကျဆင်းရေး ပြောင်းလဲမှုတွေ လုပ်ဖို့လိုနေပြီ။

- စစ်ပွဲတွေရပ်စဲရေးပြောင်းလဲမှုတွေ လုပ်ဖို့လိုနေပြီ။

လေးစားအပ်ပါတဲ့ မဲဆန္ဒရှင်ပြည်သူလူထုကြီးခင်ဗျား-

မြန်မာနိုင်ငံမှာ အလုပ်လက်မဲ့နှုန်းတွေမြင့်တက်နေတယ်။ ကျန်းမာရေး စောင့်ရှောက်မှုတွေ ဈေးကြီးနေတယ်။ လူမှုဘဝ လုံခြုံမှုတွေ ကျဆင်းနေတယ်။

- အလုပ်လက်မဲ့နှုန်းတွေ မြင့်တက်နေရာမှ ကျဆင်းဖို့ဆိုရင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို နှိုးဆွပေးရမယ်။ အလုပ်အကိုင်သစ်တွေကို ဖန်တီးပေးရမယ်။ အဲဒီလို ပြောင်းလဲမှုတွေလုပ်ဖို့ လိုနေပြီ။
- ကျန်းမာရေးစောင့်ရှောက်မှုတွေ ဈေးကြီးနေတာနဲ့ ပတ်သက်လို့ တိုက်နယ်ဆေးရုံတွေ၊ ဒေသန္တရ ကျန်းမာရေးဌာနတွေ၊ ဌာနခွဲတွေ (ကျယ်ကျယ်ပြန့်ပြန့်) ဖွင့်လှစ်ပေးရမယ်။ ဆရာဝန်၊ သူနာပြု၊ သားဖွား ဆရာမတွေ (ပြည့်ပြည့်ဝဝ) ခန့်ထားပေးရမယ်။ အခါအားလျော်စွာ အထူးကု ဆရာဝန်တွေ ကျေးလက်ဒေသတွေဆင်းပြီး ဆေးကုသမှုတွေ ပေးရမယ်။ အဲဒီလိုပြောင်းလဲမှု တွေလုပ်ဖို့ လိုနေပြီ။

- လူမှုဘဝလုံခြုံမှုအတွက် ရာဇဝတ်မှုတွေနဲ့ အကြမ်းဖက်ဝါဒကို တိုက်ဖျက်ရမယ်။ မူးယစ်ဆေးဝါးပပျောက်အောင် ဆောင်ရွက်ရမယ်။ အဂတိလိုက်စားမှုကို တိုက်ဖျက်ရမယ်။ ပတ်ဝန်းကျင်ညစ်ညမ်းမှုကို ကာကွယ်ရမယ်။ အမျိုးသမီးများ၊ လူကုန်ကူးမှု၊ လူသတ်မုဒိမ်း၊ သက်ငယ်မုဒိမ်းမှုများကို ထိထိရောက်ရောက်အရေးယူရမယ်။ အဲဒီလို ပြောင်းလဲမှုတွေ လုပ်ဖို့လိုနေပြီ။

လေးစားအပ်ပါတဲ့ မဲဆန္ဒရှင် ပြည်သူလူထုကြီးခင်ဗျား-

မြန်မာနိုင်ငံမှာ ဗမာလူမျိုးများဟာ ရှေးနှစ်ပေါင်းများစွာကတည်းက ကိုယ့်မင်းကိုယ့်ချင်း ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးနဲ့ ထည်ထည်ဝါဝါ နေခဲ့ကြပါတယ်။ ဤသို့ အတိတ်သမိုင်းရဲ့ ကောင်းမွေများဆက်ခံရန်အတွက် ဗမာလူမျိုး များကို ကိုယ်စားပြုတဲ့ ဗမာပြည်သူ့ပါတီ(BPP)ကို အမျိုးသားရေးကိုဦးတည်၍ ဖွဲ့စည်းတည်ထောင်ခဲ့ပါတယ်။ အနာဂတ်မှာ ဗမာလူမျိုးတို့၏ သမိုင်းမရိုင်း ရအောင် ဗမာပြည်သူ့ပါတီ ကမ္ဘာတည်စေရမည်ဟု သန္နိဋ္ဌာန်ပြုထားပါတယ်။
အနာဂတ်ကာလမှာ ဗမာလူမျိုးတို့၏ အတိတ်သမိုင်းပုံရိပ်များ မှေးမှိန် မသွားရလေအောင်လည်း ဗမာပြည်သူ့ပါတီ (BPP) က အစဉ်ကြိုးစား ဆောင်ရွက်မှာဖြစ်ကြောင်း ကတိကဝတ်ပြုပါတယ်။ ဗမာပြည်သူ့ပါတီ ကမ္ဘာတည်စေရန်၊ ဗမာလူမျိုးများ၏ အမျိုးသားရေးလက္ခဏာများ မပျောက်ပျက် စေရန်၊ ကိုယ့်ကြမ္မာကို ဖန်တီးခွင့်ရှိရန်၊ အချုပ်အခြာအာဏာသည် နိုင်ငံသား များ လက်ဝယ် ရရှိရန်နှင့် ဗမာလူမျိုးများ၏ ဇာတိ၊ ပုည၊ ဂုဏ်၊ မာနများ အစဉ်တစိုက် ထိန်းသိမ်းထားနိုင်တဲ့ လူမျိုးတစ်မျိုးအဖြစ် ရပ်တည်နိုင်အောင် ဗမာပြည်သူ့ပါတီ(BPP)က ကြိုးပမ်းဆောင်ရွက်မှာဖြစ်ကြောင်း ပြောကြား လိုပါတယ်။

ဗမာပြည်သူ့ပါတီ၏ ဝါဒကတော့ အသားရေးဝါဒ၊ လမ်းစဉ်ကတော့ မဇ္ဈိမပဋိပဒါလမ်းစဉ်၊ စနစ်ကတော့ ဒီမိုကရေစီစနစ်၊ ဦးတည်ချက်ကတော့ လွတ်လပ်ခြင်း၊ ညီမျှခြင်း၊ တရားမျှတ ခြင်းဆိုတဲ့ လောကပါလတရားများ ထွန်းကားရေးဖြစ်ပါတယ်။ ရပ်တည်ချက်ကတော့ စွမ်းဆောင်ရည်ရှိတဲ့ မဲဆန္ဒရှင်ပြည်သူများအတွက်သာ ရပ်တည်ပါတယ်။

ဗမာပြည်သူ့ပါတီ၏ မူဝါဒ

(က) ဆင်းရဲမွဲတေမှု ပပျောက်ရေး၊

(ခ) အချုပ်အခြာအာဏာသည် နိုင်ငံသားများလက်ဝယ်ရှိရေး၊

(ဂ) တိုင်းရင်းသားအားလုံးနှင့် အမြင်ရှင်းရှင်း သံသယကင်းကင်းဖြင့် အမျိုးသားသွေးစည်း ညီညွတ်ရေး၊

(ဃ) ဒီမိုကရေစီအခြေခံသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတို့ ဖြစ်ပါတယ်။

လေးစားအပ်ပါတဲ့ မဲဆန္ဒရှင်ပြည်သူလူထုကြီးခင်ဗျား-

ပြည်ထောင်စုမြန်မာနိုင်ငံဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံနေထိုင်တဲ့ နိုင်ငံဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ပထဝီအနေထား၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ၊ အသက်မွေးဝမ်း ကျောင်းမှု၊ ကိုးကွယ်မှုတို့က မတူညီကြပေ။ အမျိုးမျိုး ကွဲပြားခြားနား နေပါတယ်။ ဒါကြောင့် တိုင်းရင်းသား အားလုံး တန်းတူရည်တူရှိတဲ့ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရန် အထူးလိုအပ်နေပါတယ်။ ပါတီစုံ ဒီမိုကရေစီစနစ်ကျင့်သုံးရာမှာပဲဖြစ်ဖြစ် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက် ရာမှာပဲဖြစ်ဖြစ် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှု အခန်းကဏ္ဍက အလွန်အရေးကြီးပါတယ်။

ဒါကြောင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုကဏ္ဍမှာ ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာရေး မြှင့်တင်ပေးမှု၊ စာပေနှင့်ယဉ်ကျေးမှု ဓလေ့ထုံးစံများ၊ ထိန်းသိမ်းရေး၊ အလုပ်အကိုင်နှင့် အသက်မွေးဝမ်းကျောင်းမှု၊ လူမှုဖူလုံရေး၊ မသန်စွမ်းနဲ့သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေး၊ လူငယ်စွမ်းရည်မြှင့်တင်ရေး၊ အမျိုးသမီးနှင့်ကလေးငယ်များ အခွင့်အရေးကာကွယ် စောင့်ရှောက်ရေး စသည်တို့ကိုမြှင့်တင်ပေးနိုင်မှသာ ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး သာယာဝပြောတဲ့ လူ့ဘောင်သစ်ကို တည်ဆောက်နိုင် မှာဖြစ်ပါတယ်။ ထိုသို့ ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး သာယာဝပြောတဲ့ မြန်မာ့လူဘောင်သစ် တည်ဆောက်ရန် အတွက် ဗမာလူမျိုးများကို ကိုယ်စားပြုတဲ့ ဗမာပြည်သူ့ပါတီကို လူထုအခြေပြုနိုင်ငံရေး စနစ်ကျင့်သုံး၍ တည်ထောင်ခဲ့ပါတယ်။

လေးစားအပ်ပါတဲ့ မဲဆန္ဒရှင်ပြည်သူလူထုကြီးခင်ဗျား-

ဗမာပြည်သူ့ပါတီ၏အလံ

အလံ၏ အောက်ခံအနီရောင်သည် ဗမာလူမျိုးတို့၏ ရဲရင့်ခြင်း၊ သတ္တိရှိခြင်းဟူသော အဓိပ္ပာယ်ကို ဖော်ဆောင်သည်။ ဒေါင်းပုံသဏ္ဌာန်သည် ဗမာလူမျိုးတို့၏ အမျိုးသား ရေးသင်္ကေတကို ပုံဖော်သည်။ ကြယ်(၉)လုံးသည် ဗမာမျိုးနွယ်စု (၉)မျိုးကို ဖော်ညွှန်းသည်။ ဒေါင်း၏ အောက်ခံအရောင် အပြာရောင်သည် ရင့်ကျက်ခြင်း၊ တည်ကြည်ခြင်းဟူသော အဓိပ္ပာယ်ကို ဖော်ဆောင်သည်။ ဒေါင်း၏ ပုံသဏ္ဌာန်အဝါရောင်သည် ဗမာလူမျိုးတို့ ကိုးကွယ်သည့် သာသနာရောင်ဝါ ထွန်းလင်းရန် ဖော်ညွှန်းပြဆိုသည်။

 ဗမာပြည်သူ့ပါတီ၏ အမှတ်တံဆိပ်

ပါတီ၏ တံဆိပ်အမှတ်အသားသည် ဗမာလူမျိုးတို့၏ အမျိုးသားဝတ်စုံတွင် ပါဝင်သည့် မောင့်ကျက်သရေခေါင်းပေါင်းဖြစ်သည်။ ဤခေါင်းပေါင်းသည် ဗမာလူမျိုးတို့၏ ယဉ်ကျေးမှု စရိုက်လက္ခဏာကို ဖော်ညွှန်းသည်။ အောက်ခံအနီရောင်သည် ဗမာလူမျိုးတို့၏ ရဲရင့်ခြင်း၊ သတ္တိရှိခြင်းဟူသော အဓိပ္ပာယ်ကို ဖော်ဆောင်သည်။ အဝါရောင်သည် သာသနာရောင်ဝါ ထွန်းလင်း ရန်ရည်ညွှန်းသည်။ (BPP)သည် ပါတီ၏အမည် အင်္ဂလိပ်လို အတိုကောက် ဖြစ်သည်။

ဗမာပြည်သူ့ပါတီ၏ ရည်ရွယ်ချက်

၁။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးတို့သည် တစ်မျိုးသားလုံး၏ အမျိုးသား တာဝန်တစ်ရပ်အဖြစ် ခံယူ၍ ထာဝစဉ်ကြိုးပမ်းဆောင်ရွက်ရန်။

၂။ ဒီမိုကရေစီအရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ နိုင်ငံတည်ငြိမ် အေးချမ်းရေး၊ လူ့အခွင့်အရေး၊ တန်းတူညီမျှရေးအတွက် နိုင်ငံသား အားလုံးတို့သည် ညီညွတ်စွာ၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ကြရန်။
၃။ ပါတီအကျိုးနှင့် နိုင်ငံတော်အကျိုးယှဉ်လာရင် နိုင်ငံတော်အကျိုးကိုသာ ဦးစားပေး ဆောင်ရွက်ရန်။
၄။ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော ဗမာတိုင်းရင်းသားများနှင့် တိုင်းရင်းသားနွယ်ဖွား အားလုံးတို့သည် အပြန်အလှန်ယုံကြည်မှု၊ အပြန် အလှန် လေးစားချစ်ကြည်မှု၊ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုအပေါ် အခြေပြုလျက် ညီညွတ်စွာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ကြရန်။
၅။ မိမိတို့ယုံကြည်စွာတည်ထောင်ထားသည့် ဗမာပြည်သူ့ပါတီ (Bamar People's Party) ကြီးထွားတိုးတက် အောင်မြင်စေရေးအတွက် ပူးပေါင်း ဆောင်ရွက်ကြရန်။

- ဗမာပါတီ ဦးတည်ချက် အများပြည်သူ ကောင်းကျိုးအတွက်။

- သခင်မျိုးဟေ့ ဒို့ဗမာ ဝိုင်းဝန်းကြစို့ ညီညာညာ။

- (ဗမာ့သင်္ကေတ ခေါင်းပေါင်းစညီညာဖြဖြ ထောက်ခံကြ။)

လေးစားအပ်ပါတဲ့ မဲဆန္ဒရှင်ပြည်သူလူထုကြီးခင်ဗျား-

ဗမာပြည်သူ့ပါတီအနေနဲ့ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲ၌ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာအရှေ့ပိုင်းမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှာ ဦးအောင်သန်းတင့်က ဝင်ရောက်ယှဉ်ပြိုင်ပါ မယ်။ မွန်ပြည်နယ် ဗမာတိုင်းရင်းသားရေးရာ ကိုယ်စားလှယ်အဖြစ် ဦးဝဏ္ဏစိုးက ဝင်ရောက်ယှဉ်ပြိုင်ပါတယ်။ ကရင်ပြည်နယ် ဗမာ တိုင်းရင်းသားရေးရာကိုယ်စားလှယ်အဖြစ် ဒေါ်သန်းသန်းဆင့်က ဝင်ရောက်ယှဉ်ပြိုင်ပါတယ်။ (ဗမာပြည်သူ့ပါတီရဲ့ အမှတ် တံဆိပ်က ခေါင်းပေါင်းဖြစ်ပါတယ်။) (“ခေါင်းပေါင်းဘေးမှာ အမှန်ခြစ် - ဗမာ့သွေးစစ်စစ်”။)

ရွေးကောက်ပွဲမှာ မဲပေးတယ်ဆိုတာက နိုင်ငံသားအခွင့်အရေးဖြစ်သလို လူ့အခွင့်အရေး လည်းဖြစ်ပါတယ်။ ဒါကြောင့် မဲဆန္ဒရှင်ပြည်သူလူထုကြီးအနေနဲ့ မိမိရဲ့ နိုင်ငံသား အခွင့်အရေးနဲ့ လူ့အခွင့်အရေး မဆုံးရှုံးရလေအောင် ၂၀၂၀ ခုနှစ် နိုဝင်ဘာလ (၈)ရက်နေ့ကျင်းပတဲ့ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို တစ်ခဲနက်ထောက်ခံ ဆန္ဒမဲပေးကြပါရန် တိုက်တွန်း နှိုးဆော်အပ်ပါတယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်။