Skip to main content

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြ

နေပြည်တော် စက်တင်ဘာ ၁၇

 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၁၇ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြော တင်ပြခဲ့ပါသည်။

အဆိုပါ ဟောပြောတင်ပြချက်အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ ပြည်သူပြည်သားအပေါင်းရှင့်၊ နှလုံး စိတ်ဝမ်းအေးချမ်းကြပါစေ ........

ယခုအထွေထွေရွေးကောက်ပွဲကြီး ကျင်းပပါတော့မယ်။ ပြည်သူလူထုရဲ့ ထောက်ခံမှု၊ ထောက်ခံမဲတွေကို တောင်းခံရမယ့်အချိန် ရောက်လာပါပြီ။

တကယ်တော့ ပြည်သူ့ထောက်ခံအားပေးမှုဆိုတာ နိုင်ငံအတွက် အရေးပါတန်ဖိုးရှိတဲ့ လုပ်ငန်းမှန်သမျှ အောင်မြင်စေဖို့ အချိန်တိုင်းမှာ မဖြစ်မနေရှိရမယ့် လိုအပ်ချက် ဖြစ်ပါတယ်။

ဒါကြောင့် ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီဟာ ပြည်သူနဲ့အတူ၊ ပြည်သူသာ အဓိကဆိုတဲ့ အသိစိတ်တွေနဲ့ ပြည်သူကို ယုံကြည်အားကိုးကာ စစ်မှန်တဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို ဦးတည်ပြီး၊ ခက်ခဲတဲ့ ခရီးရှည်ကြီးကို ယခင် (၃၂)နှစ်ကစပြီး လျှောက်လှမ်း ခဲ့တာ ဖြစ်ပါတယ်။

ခရီးရှည်ကြီးတစ်လျှောက် ထင်ထင်ရှားရှားရှိနေတဲ့ မိုင်တိုင်တွေကတော့ ၁၉၉၀ ခုနှစ် အထွေထွေရွေးကောက်ပွဲ၊ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲနဲ့ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ တို့ဖြစ်ပါတယ်။ ဒီမိုင်တိုင်တွေနဲ့ပတ်သက်လို့ အမှတ်ရစရာ အချက်အချို့ကို ပြန်ပြောပြခွင့်ပြုပါ။

၁၉၉၀ ခုနှစ်ရွေးကောက်ပွဲမှာ ပြည်သူရဲ့ တစ်ခဲနက် ထောက်ခံမှုနဲ့ မဲဆန္ဒနယ်(၈၂) ရာခိုင်နှုန်းခန့်မှာ NLD အနိုင်ရခဲ့ပါတယ်။ သို့သော်လည်း လွှတ်တော်ခေါ်ခွင့်ရတဲ့ အဆင့်တောင် မရောက်ခဲ့ပါဘူး။ ဖိနှိပ်မှုအမျိုးမျိုးနဲ့သာ ကြုံတွေ့ခဲ့ရပါတယ်။ ကျွန်မတို့ အဖွဲ့ချုပ်ဟာ အောင်လံမလှဲဘဲ၊ ရှုံးနိမ့်မှုနဲ့ကြုံရ သော်လည်း မလျော့သော လုံ့လနှင့်ဆက်လက် ကြိုးပမ်းခြင်းဆိုတဲ့ ဝီရိယ (၄)ဆင့်အနက် အမြင့်ဆုံးအဆင့်ကို ကျင့်သုံးပြီး၊ ခရီးကြမ်းကို ဆက်နှင်ခဲ့ပါ တယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပြည်သူထဲက ပေါက်ဖွားလာတဲ့၊ ပြည်သူ့အင်အားနဲ့ ရပ်တည်တဲ့ ပါတီဖြစ်တာကြောင့် ကျွန်မတို့ ဆယ်စုနှစ်(၂)စုကျော် ယုံကြည်ချက်ကို ဆုပ်ကိုင်ပြီး၊ ရုန်းကန်ရင်းနဲ့ ရှင်သန်ခဲ့ပါတယ်။

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ တစ်ဖန် ပြည်သူလူထုရဲ့ ထောက်ခံမှုနဲ့ အောင်လံလွှင့်နိုင် ခဲ့ပါတယ်။ ဝင်ပြိုင်ခဲ့တဲ့ မဲဆန္ဒနယ် (၄၄)နယ်အနက်၊ (၄၃)နယ်မှာ အနိုင်ရရှိပြီး၊ လွှတ်တော်ထဲမှာ ကျွန်မတို့ NLD က ပြည်သူ့ကိုယ်စားလှယ် များအဖြစ် ပထမဦးဆုံး တာဝန်ထမ်းဆောင်ခွင့် ရခဲ့ပါတယ်။ ပြည်ထောင်စု လွှတ်တော်ရဲ့ (၆၀၀)ကျော်သော ကိုယ်စားလှယ်များအနက် (၄၀)ကျော်လေး ဆိုတာ နည်းတယ်လို့ဆိုရပေမယ့်၊ ပြည်သူရဲ့ ယုံကြည်ထောက်ခံမှုကို ရထားတယ်ဆိုတဲ့ အင်အားကတော့ အပြည့်အဝပါပဲ။

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာတော့ ပြည်သူရဲ့ ဆန္ဒနဲ့အညီ၊ ပြည်ထောင်စုလွှတ်တော် ထဲမှာ NLD ကိုယ်စားလှယ်တွေ အများစုဖြစ်လာပြီး၊ ကျွန်မတို့ အစိုးရဖွဲ့နိုင်တဲ့အခြေအနေ ရောက်လာပါတယ်။ ပြည်သူက ရွေးချယ်တင်မြှောက်လိုက်တဲ့ အစိုးရဆိုတာ ဂုဏ်ရှိသလောက် တာဝန်ကြီးလေး လှပါတယ်။

၂၀၁၆ ခုနှစ်၊ မတ်လကုန်မှာ အစိုးရတာဝန်ယူခဲ့ပြီးတဲ့အခါ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုကြီးတွေကို၊ နှစ်ပေါင်းများစွာ ပစ်ထားခံခဲ့ရတဲ့ ခြံမြေကွက်ကြီးကို တန်ဖိုးရှိတဲ့ ဥယျာဉ်တစ်ခု ဖြစ်လာ အောင် လုပ်ဆောင်ရခြင်းနဲ့ နှိုင်းယှဉ်ချင်ပါတယ်။ ရာသီဥတု ဆိုးရွားခြင်း၊ နည်းစနစ် ညံ့ဖျင်းခြင်း၊ အားစိုက်ထုတ်မှုနည်းပါးခြင်း စတဲ့အကြောင်းအမျိုးမျိုးတို့ကြောင့် ခြံစည်းရိုးတွေကကျိုး၊ ပေါင်းပင်တွေ၊ ခလုတ်ဆူးငြောင့်တွေ၊ တန်ဖိုးမဲ့ အပင်တွေ၊ ခဲတွေ၊ သဲတွေ၊ ချိုင့်တွေ၊ ကလိုင်တွေနဲ့ ပြည့်ပြီး၊ အကျည်းလည်း တန်၊ အန္တရာယ်လည်းများတဲ့ အနေအထားမှာရှိနေတဲ့ မြေကွက်ကြီးပါ။ ဒါကို လုံခြုံ၊ လှပ၊ တန်ဖိုးရှိတဲ့ ဥယျာဉ်ကြီး တစ်ခုဖြစ်အောင်လုပ်ဖို့ ကြိုးပမ်းရပါတယ်။ ရှိတဲ့ ဉာဏ်အား၊ လူအား၊ ငွေအား၊ အင်အားအမျိုးမျိုး တတ်အားသရွေ့ စိုက်ထုတ်ပြီး၊ တစ်နေ့၊ တစ်ရက်မပြတ် ပြုစုပျိုးထောင် ရပါတယ်။ လုပ်ရမှာတွေက အများကြီး။ ရေရှည်တည်တံ့ဖွံ့ဖြိုးဖို့အတွက်၊ ခေတ်အဆက်ဆက်၊ မျိုးဆက်သစ် အလီလီ၊ တိုးတက်ခိုင်မြဲ၊ တန်ဖိုးရှိဖို့ အတွက်ပါ။

နိုင်ငံတစ်နိုင်ငံ တည်နေသရွေ့ အခြေခံလိုအပ်ချက်ဖြစ်တဲ့ စဉ်ဆက်မပြတ် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် ခိုင်မာတဲ့ အုတ်မြစ်ချဖို့၊ ကျွန်မတို့ပြည်သူတွေ မျှော်မှန်းတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ဖို့ ကြိုးပမ်းမှုတွေဟာ ကျွန်မတို့ NLD စတင်တည်ထောင်ခဲ့စဉ် ကတည်းက ပြည်သူကို ပြုခဲ့တဲ့ ကတိကဝတ်တွေအပေါ်မှာ အခြေခံပါတယ်။ ဒီလုပ်ငန်းတွေ စိတ်ချရအောင်၊ ခိုင်မြဲတဲ့အဆင့် ရောက်လာဖို့ ဆက်လက် လုပ်ဆောင်စရာတွေ ရှိနေတာဟာ ကျွန်မတို့အဖွဲ့ချုပ်လာမယ့် အထွေထွေ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ရတဲ့ အကြောင်းအရင်းပါပဲ။

NLD က ရွေးကောက်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခြင်းဟာ ပြည်သူရဲ့ ယုံကြည်မှုပေါ်မှာ အခြေခံတဲ့ စွန့်စားချက်တစ်ရပ်ဖြစ်ပါတယ်။ ကျွန်မ ဒီလိုပြောရတာက၊ လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ၊ ကျွန်မတို့နိုင်ငံ ရဲ့ ရွေးကောက်ပွဲတွေဟာ ဒီမိုကရေစီ စံနှုန်းစံထားတွေ ပြည့်မီတဲ့ ရွေးကောက်ပွဲတွေ မဟုတ်ပါဘူး။ ပြည်ထောင်စု လွှတ်တော်နဲ့ တိုင်း၊ ပြည်နယ် လွှတ်တော် အသီးသီးမှာ ၇၅ ရာခိုင်နှုန်းသော ကိုယ်စားလှယ်များ ကိုသာ ပြည်သူက ရွေးချယ်တင်မြှောက်ခွင့်ရှိပြီး၊ ကျန် ၂၅ ရာခိုင်နှုန်းကတော့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်သူများ ဖြစ်ပါတယ်။ ဒီတော့ အစိုးရတစ်ခု ဖွဲ့စည်းနိုင်ဖို့ ဒီ ၂၅ ရာခိုင်နှုန်း အတားအဆီးကို NLD က ဖြတ်ကျော်ရပါမယ်။ စတင်ထားတဲ့ တည်ဆောက်ရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နိုင်မယ့် အစိုးရဖွဲ့စည်းဖို့ လွှတ်တော်အတွင်းမှာ နေရာအများစုရဖို့ လိုအပ်ပါတယ်။ သို့သော် ၇၅ ရာခိုင်နှုန်းသော နေရာများကိုသာ ယှဉ်ပြိုင်ခွင့်ရှိတော့၊ ယှဉ်ပြိုင်တဲ့ နေရာတွေရဲ့ အနည်းဆုံး ၆၇ ရာခိုင်နှုန်းမှာ အောင်နိုင်ဖို့ လိုအပ်ပါတယ်။ (ယခင် ၂၀၁၅ ရွေးကောက်ပွဲမှာ ( ၇၉ ရာခိုင်နှုန်းခန့် ) ရရှိခဲ့ပါတယ်။ ဒါကြောင့် ကျွန်မတို့ အစိုးရဖွဲ့နိုင်ခဲ့တာပါ။)

ဒီလို လိုအပ်တဲ့ ရာခိုင်နှုန်းတွေ တွက်ချက်မနေရအောင် ကျွန်မက ပြည်သူတွေကို အကြံပြု မေတ္တာရပ် ခံချင်တာကတော့၊ NLD ယှဉ်ပြိုင်တဲ့နေရာတိုင်းမှာ အောင်နိုင်ရေးကိုသာ ဦးတည်ပြီး အင်တိုက်အားတိုက် ကျွန်မတို့ ပါတီကို မဲပေးကြပါ။ မဲတစ်ခုချင်းဟာ မဖြတ်နိုင်တဲ့ တန်ဖိုးရှိပါတယ်။ မဲတစ်ခု မှန်ကန်စွာပေးခြင်းဟာ နိုင်ငံသားတစ်ဦးရဲ့ တာဝန်ကျေမှုကို ပြသသလို၊ နိုင်ငံသား တစ်ဦးရဲ့ အခွင့်အရေးကို တန်ဖိုးထားခြင်းကိုလည်း ထင်ရှားစေပါတယ်။

မဲပေးထောက်ခံဖို့ တောင်းခံတဲ့အခါ၊ NLD အစိုးရအနေနဲ့ ဘယ်လောက် နိုင်ငံ့အတွက် အကျိုးရှိအောင် လုပ်ပေးနိုင်ခဲ့လဲလို့ သိချင်တာတွေရှိမှာပါ။ ဒီကိစ္စကို ယခုလို အချိန်အကန့်အသတ်နဲ့ ပြောရတဲ့ မိန့်ခွန်းထဲမှာ ပြည့်စုံအောင် ပြောဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အသေးစိတ်ကို ( Chair NLD Facebook Page) ပေါ်မှာ ဖတ်ရှုနိုင်ပါတယ်။ ကျွန်မတို့ပါတီရဲ့ မူဝါဒ၊ ရည်ရွယ်ချက်တွေကိုတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲကြေညာ စာတမ်း (၂၀၂၀)မှာ ဖတ်ရှုနိုင်ပါတယ်။ ကျွန်မတို့နိုင်ငံအတွက် အရေးပါတယ်လို့ထင်တဲ့ အချက် အချို့ကိုသာ တင်ပြပါရစေ။ စောစောက ကျွန်မသုံးခဲ့တဲ့ ဥယျာဉ်ပြုစုပျိုးထောင်ခြင်း သဘောထားအရ ပြောပြချင်ပါတယ်။

ဥယျာဉ်ကြီးအတွက် အရေးအကြီးဆုံး လိုအပ်ချက်ကတော့ လုံခြုံမှုပါပဲ။ ပြင်ပက လူတွေ၊ တိရစ္ဆာန်တွေ ဝင်ရောက်ဖျက်ဆီးခြင်း မပြုနိုင်အောင် ခြံစည်းရိုးတွေကို လုံအောင်၊ ခိုင်အောင် လုပ်ရပါမယ်။ ပြည်ထောင်စု မြန်မာနိုင်ငံတော်ဆိုတဲ့ ဥယျာဉ်ကြီးကို အကာအကွယ်ပေးရာမှာ အထိရောက်ဆုံး၊ အခိုင်မာဆုံး တံတိုင်းကတော့ ညီညွတ်မှုပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်မတို့ အစိုးရက အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနကို ထူထောင်ပြီး၊ နှစ်ရှည်လပေါင်းများစွာ နိုင်ငံနဲ့ နိုင်ငံသူ နိုင်ငံသားများကို ဒုက္ခပေးခဲ့တဲ့ ပြည်တွင်း စစ်မီးတွေ ငြိမ်းအေးစေရေး၊ နိုင်ငံရေးပြဿနာတွေကို လက်နက်နည်း၊ အကြမ်းဖက်နည်းတို့နဲ့ ဖြေရှင်းတဲ့ နိုင်ငံရေးဓလေ့၊ ယဉ်ကျေးမှု (တကယ်တော့ ရိုင်းစိုင်းမှုလို့ခေါ်သင့်ပါတယ်။)တွေ ပပျောက်ရေးအတွက် အဆက်မ ပြတ် ဆောင်ရွက်ခဲ့ပါတယ်။

ညီညွတ်ရေးအတွက် ငြိမ်းချမ်းရေး လိုသလို၊ ငြိမ်းချမ်းရေးနဲ့ ညီညွတ်ရေးအတွက် တရားဥပဒေ စိုးမိုးရေး လိုအပ်ပါတယ်။ နိုင်ငံမှာ ကျင့်သုံးနေတဲ့ ဥပဒေတွေဟာ ကာလ၊ ဒေသနဲ့ ဆီလျော်ပြီး မှန်ကန်သင့်မြတ်ဖို့ အရေးကြီးပါတယ်။ ဒကြောင့် ဥပဒေတွေထဲမှာ ဦးသျှောင်ဖြစ်တဲ့ နိုင်ငံ့ဖွဲ့စည်းပုံအခြေခံ ဥပဒေဟာကျွန်မတို့ အားလုံးမျှော်မှန်း တဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ စံနှုန်းများ နဲ့ကိုက်ညီစေဖို့ကျွန်မတို့ လွှတ်တော်အတွင်းမှာစပြီး ကြိုးစားခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာ ပြင်ဆင်နိုင်ရေးအထိ အောင်မြင်တဲ့အဆင့် မရောက်ခဲ့ ပေမယ့်၊ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့ လိုအပ်တဲ့ အကြောင်းအရင်းတွေနဲ့ ပတ်သက်လို့ စိတ်ဝင်စားတဲ့ ပြည်သူများ သိခွင့် ရနိုင်ခဲ့တာကို အောင်မြင်မှုတစ်ရပ်လို့ ကျွန်မတို့ ယူဆပါတယ်။ နိုင်ငံတော်ကို ကာကွယ်ရေးမှာ အတွင်းရန်သာမက အပြင်ရန်ကိုလည်း ထည့်စဉ်းစားရပါတယ်။ ရုပ်ပိုင်းဆိုင်ရာအရ သိသာထင်ရှားတဲ့ အရာများလည်းရှိပါတယ်။ ဥပမာ အနောက်ဘက်နယ်စပ်မှာ လိုအပ်နေတဲ့ ခြံစည်းရိုးတံတိုင်းကြီးလိုပါ။ ဒါအတွက် ကျွန်မတို့ အစိုးရက ကျပ်ဘီလီယံ (၂၀) ချထားပေးခဲ့ပါတယ်။ ဒီထက်ပိုမို ခက်ခဲနက်နဲတဲ့ လုပ်ငန်းကတော့ မမြင်နိုင်တဲ့၊ ရုပ်လုံးမပေါ်တဲ့၊ နိုင်ငံတကာရေးရာ နယ်ပယ်မှာ ကျွန်မတို့ တိုင်းပြည်ကို ကာကွယ်ရေးလုပ်ငန်းတွေပဲ ဖြစ်ပါတယ်။

ပြည်သူအများ သိတဲ့အတိုင်းပါ၊ ဆယ်စုနှစ်ပေါင်းများစွာက စတင်ခဲ့တဲ့ ပြဿနာများကြောင့် ကျွန်မတို့ ရခိုင်ပြည်နယ်မှာ အခက်အခဲ၊ အကျပ်အတည်း၊ ဒုက္ခပေါင်းများစွာ ကြုံတွေ့  နေရပါတယ်။ ဒီစိန်ခေါ်မှုတွေနဲ့ လုံးပန်းရာမှာ ကျွန်မတို့နိုင်ငံအပေါ် နားလည်မှု၊ စာနာမှုနဲ့ ကူညီတာတွေထက်၊ ဝေဖန် ဖိအားပေးမှုတွေသာ များပါတယ်။ ဘာ့ကြောင့် ဒီလိုဖြစ်ရတာလဲ။ အခြေခံအား ဖြင့်တော့ ကျွန်မတို့နိုင်ငံအကြောင်း ဂဃနဏ သိသူများ၊ သိချင်သူများ နည်းပါးလို့ လို့ ယူဆနိုင်ပါတယ်။ ဒီလိုနည်းပါးရတဲ့ အကြောင်းခံကတော့ ကျွန်မတို့နိုင်ငံအကြောင်း တကယ်လေ့လာသိရှိချင်သူတွေ နည်းပါးလို့ပါပဲ။ တစ်နည်းပြောရရင် ကျွန်မတို့ နိုင်ငံဟာ ကမ္ဘာ့ဇာတ်စင်ပေါ်မှာ အရေးပါ၊ အရာရောက်တဲ့အဆင့်မှာ မရှိလို့ပါပဲ။ အရေးပါ အရာရောက် နိုင်လောက်အောင် အရင်းအမြစ်တွေ မရှိလို့ပါပဲ။ ငါတို့နိုင်ငံက သဘာဝဓာတ်ငွေ့တွေ၊ သစ်တော တွေ၊ သတ္တုတွေ၊ ရတနာတွေနဲ့ ပေါကြွယ်ဝနေပါတယ်။လို့ အချို့က စောဒက တက်ကြပါလိမ့်မယ်။ ဒီလိုအရင်း အမြစ်ကို ဆိုလိုတာ မဟုတ်ပါဘူး။ နိုင်ငံ တစ်နိုင်ငံအတွက် အမှန်တကယ်တန်ဖိုးရှိတဲ့ အရင်းအမြစ်တွေ ဆိုတာ၊ငြိမ်းချမ်း တည်ငြိမ်မှု အရင်းအမြစ်၊ တရားဥပဒေကပေးတဲ့ လုံခြုံမှုအရင်းအမြစ်၊ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်မှု အရင်းအမြစ်နဲ့ အရေးကြီးဆုံးဖြစ်တဲ့ ပညာ၊ ကျန်းမာ၊ စိတ်ဓာတ်မြင့်မားတဲ့ ပြည်သူလူထု အရင်းအမြစ်တွေ ဖြစ်ပါတယ်။ ဒီအရင်းအမြစ်တွေ ခိုင်ခိုင်မြဲမြဲ တွယ်တဲ့ အဆင့်ရောက်အောင် ပြည်သူရဲ့ ယုံကြည်ထောက်ခံမှုနဲ့ ကျွန်မတို့ NLD အစိုးရ ဆက်လက် တာဝန်ယူဆောင်ရွက် ချင်ပါတယ်။ ခြံစည်းရိုးစခတ်၊ စတင်ရှင်းလင်းပြီး၊ အရိုင်းအဆင့်က ဥယျာဉ်ပုံစံ ပေါ်စဖြစ်နေတဲ့ တန်ဖိုးရှိ မြေကြီးကို လန်းဆန်းစိုပြည်၊ ဖူးပွင့်ဝေဆာ၊ အာဟာရပြည့် သစ်သီးဝလံ၊ အရိပ်ပေးသစ်ပင်များနဲ့ သာယာလုံခြုံရာဘုံ ဖြစ်အောင် ဆောင်ရွက် ချင် ပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါကြီးလို မမျှော်မှန်း နိုင်တဲ့ မုန်တိုင်းများ တိုက်ခတ်ရင်လည်း၊ စေတနာ၊ ပညာ၊ ဇွဲလုံ့လတို့နဲ့ ရှိတဲ့ အရင်းအမြစ်တွေကိုသုံးပြီး၊ ဥယျာဉ်ကြီး အထိအခိုက် အနည်းဆုံးဖြစ်အောင် ဥယျာဉ်မှူးများက တာဝန်ယူ လုပ်ဆောင်ရပါမယ်။ မြေရိုင်းဘဝ ပြန်မရောက်နိုင်တော့ဘူးလို့ ပြည်သူတွေ စိတ်ချနိုင်စေချင် ပါတယ်။

ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အမှတ်အသား၊ အလံတံဆိပ်က ရဲစွမ်းသတ္တိကို ဖော်ဆောင်တဲ့ အခံအနီရောင်အပေါ်မှာ၊ ခေတ်ပြောင်း လှုပ်ရှားမှုတွေမှာ အဓိကနေရာက ပါဝင်ခဲ့တဲ့ ကျောင်းသားလူငယ်များကို ကိုယ်စားပြုတဲ့ ရွှေရောင်ခွပ်ဒေါင်းနဲ့ တော်လှန်ရေးရဲ့ သင်္ကေတဖြစ်တဲ့ ကြယ်ဖြူကြီးပါ။ အဓိပ္ပာယ် ချဲ့ပြောရမယ်ဆိုရင်၊ နိုင်ငံအတွက် စွန့်စားရဲတဲ့ ပြည်သူများရဲ့ ဇွဲသတ္တိ၊ မျိုးဆက်သစ်တွေအတွက် တောက်ပတဲ့ အနာဂတ်၊ ဖြူစင်သန့်ရှင်းမှုကို အခြေခံတဲ့ ပြုပြင်ပြောင်းလဲရေး အင်အားတွေကို ပေါင်းစည်းထင်ရှားစေတဲ့ အလံကြီးပါပဲ။ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အလံကြီးကို (၁၉၈၈) က စကာ (၁၀) စုနှစ် တွေနဲ့ချီပြီး အခက်အခဲဆုံးကာလတွေမှာတောင် မလှဲတမ်း သယ်ဆောင်ခဲ့ နိုင်ပါတယ်။ ၂၀၁၅ မှာ အောင်လံကို စထူနိုင်ခဲ့ပါတယ်။ ယခု ၂၀၂၀ မှာ အောင်လံခိုင်မြဲအောင် ပြည်သူများက အင်တိုက်အားတိုက် ထောက်ခံမဲတွေနဲ့ တာဝန်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်။

အောင်လံခိုင်ဖို့၊ မဲပေးစို့၊၊

ဒီမိုကရေစီ မှန်ကန်ရေး၊

NLD ကို ဒို့ မဲပေး။

ပြည်သူပြည်သားအပေါင်း နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ .......