နေပြည်တော် စက်တင်ဘာ ၁၇
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ဦးဂါကျေးရွာတွင် ဖြစ်ပွားခဲ့သည့်ဖြစ်စဉ် နှင့်ပတ်သက်၍ ကျူးလွန်သူ တပ်မတော်သားသုံးဦးအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက် လျက်ရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါသတင်းထုတ်ပြန်ချက်တွင် ရသေ့တောင်မြို့နယ်အတွင်း လုံခြုံရေး တာဝန်ထမ်းဆောင်နေသော စစ်ကြောင်းတစ်ခုသည် ဇွန် ၃၀ ရက်တွင် ရသေ့တောင်မြို့နယ် ဦးဂါကျေးရွာအနီး အခြေပြုရာမှ ဦးဂါကျေးရွာနေ ဒေါ်-----အား စစ်သည်သုံးဦးက သားမယားအဖြစ် အဓမ္မပြု ကျင့်ခဲ့သဖြင့် ၎င်းကိုယ်တိုင်က စစ်တွေမြို့မရဲစခန်း၌ အမှုဖွင့်တိုင်ကြားခဲ့ကြောင်း။
တပ်မတော်အနေဖြင့် တိုင်ကြားမှုနှင့်ပတ်သက်၍ ဖြစ်စဉ်မှန်ပေါ်ပေါက် စေရေးအတွက် စစ်ဆေးမှုများဆောင်ရွက်ရာတွင် စစ်ဆင်ရေးတာဝန်ထမ်းဆောင်ရသည့် နယ်မြေဖြစ်ခြင်း၊ စစ်ဆေးရမည့် သံသယရှိသူများအနေဖြင့် လမ်းပန်းဆက်သွယ်မှုခက်ခဲသည့် နေရာဒေသတွင် ရောက်ရှိနေခြင်းတို့ကြောင့် အချိန်အနည်းငယ် ကြန့်ကြာပြီးမှသာ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နိုင်ခဲ့ ကြောင်း။
၂၀၂၀ ပြည့်နှစ် ဇူလိုင်လအတွင်း စစ်စည်းကမ်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့စည်း၍ သံသယရှိသူများအား နှစ်ဖက် သက်သေများဖြင့် စနစ်တကျ စစ်ဆေးဖော်ထုတ်ခဲ့ရာ ပထမအကြိမ် စစ်မေးရာတွင် ပြစ်မှုကျူးလွန်သူ သုံးဦးမှာ ပြစ်မှုကျူးလွန် ခဲ့မှုမရှိကြောင်း လိမ်လည်ထွက်ဆို သော်လည်း နှစ်ဖက်သက်သေထွက်ဆိုချက်များမှာ ကွဲလွဲမှုများပြားနေသဖြင့် စက်တင်ဘာလဆန်း၌ ပိုမိုတိကျသည့် စစ်ဆေးချက်များနှင့် ဒုတိယအကြိမ် ထပ်မံစစ်ဆေးမှသာ အဆိုပါပြစ်မှုကျူးလွန်သူ သုံးဦးမှာ ပြစ်မှုကျူးလွန်သည်ဟု ဝန်ခံထွက်ဆိုဖြောင့်ချက်ပေးခဲ့ကြောင်း။
သို့ဖြစ်၍ ပြစ်မှုကျူးလွန်သူ တပ်မတော်သား သုံးဦးအား စစ်တရားရုံးဖွဲ့စည်း၍ ပွင့်လင်းမြင်သာစွာ စစ်ဆေးသွားမည်ဖြစ်ပြီး ဥပဒေနှင့်အညီ အရေးယူနိုင်ရေးနှင့် ကျန်တာဝန်ရှိသူများ ကိုလည်း စစ်စည်းကမ်းအရ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
သတင်းစဉ်