နေပြည်တော် စက်တင်ဘာ ၁၇
နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်သည် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ် ကြီး Mr. Manjurul Karim Khan Chowdhury အား ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် ရန်ကုန်မြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ခေါ်ယူတွေ့ဆုံသည်။
ယင်းသို့တွေ့ဆုံစဉ် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအား စက်တင်ဘာ ၁၃ ရက်က ခေါ်ယူတွေ့ဆုံစဉ် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်နိမိတ်အနီး မြန်မာ့တပ်မတော်၏ လှုပ်ရှားမှုများနှင့်ပတ်သက်၍ ပြောကြားခဲ့မှုနှင့် သတိထောက် လွှာပေးအပ်ခဲ့မှုအပေါ် မြန်မာဘက်က ဖြစ်စဉ်အခြေအနေမှန်ကို တုံ့ပြန်ရှင်းလင်း ပြောကြားသည်။
ညွှန်ကြားရေးမှူးချုပ်က ဘင်္ဂလားဒေ့ရှ်ဘက်မှ သတိထောက်လွှာတွင် ဖော်ပြထားသော မကြာသေးမီက နှစ်နိုင်ငံနယ်စပ်အနီး မြန်မာဘက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ လှုပ်ရှားမှုများ သည် ရဲတပ်ဖွဲ့ဝင်များ၏ ပုံမှန်တာဝန် လဲလှယ်မှုသာဖြစ်ပြီး ၎င်းတို့နှင့်အတူ မိသားစုဝင် များလည်း လိုက်ပါပြောင်းရွှေ့ ကြခြင်းဖြစ်ကြောင်း၊ ၎င်းတို့၏ ရွှေ့ပြောင်းလှုပ်ရှားမှုများသည် ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပေါ်နေသော အခြေအနေများအရ တရားဥပဒေစိုးမိုးရေးနှင့် ရခိုင်ပြည်နယ်တွင်းရှိ ဒေသခံ အသိုက်အဝန်းအားလုံး၏ လူမှုဘဝလုံခြုံမှုရှိရေး ကာကွယ်စောင့်ရှောက်ရန်အတွက် ပုံမှန်တာဝန်ထမ်းဆောင်မှု၏ တစ်စိတ်တစ်ဒေသ လှုပ်ရှား ဆောင်ရွက်မှုသာ ဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့ဝင်များ တာဝန်ရွှေ့ပြောင်းရာတွင်လည်း မြန်မာပိုင်နက် နယ်နိမိတ်အတွင်းတွင်သာ ဆောင်ရွက် ခဲ့ခြင်းဖြစ်ကြောင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအပေါ် ခြိမ်းခြောက်မှုပြုစေရန် ရည်ရွယ်ခြင်း အလျဉ်းမရှိကြောင်း တုံ့ပြန်ပြောကြားသည်။
ထို့ပြင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်ခြားဆက်ဆံရေးရုံးများ (BLOs) ထူထောင်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို ၂၀၁၇ ခုနှစ် အောက်တိုဘာ ၂၄ ရက်က နှစ်နိုင်ငံလက်မှတ်ရေးထိုးခဲ့ပြီး မြန်မာဘက်က နယ်ခြားဆက်ဆံရေး ရုံးကို မောင်တောမြို့၌ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၅ ရက်က စတင်ဖွင့်လှစ်ခဲ့ ပြီးဖြစ်ကြောင်း၊ နှစ်နိုင်ငံနယ်ခြား ဆက်ဆံရေးရုံးများအကြား ညှိနှိုင်းအစည်း အဝေးကျင်းပရန် မြန်မာဘက်မှ (၃)ကြိမ်တိုင် အဆိုပြုခဲ့သော်လည်း ပထမ နှစ်ကြိမ် အဆိုပြုမှုများအပေါ် ဘင်္ဂလားဒေ့ရှ်ဘက်မှ အကြောင်းပြန်ကြားမှု မရှိခဲ့ကြောင်း၊ မြန်မာဘက်မှ တတိယအကြိမ် အဆိုပြုမှုအပေါ် ကိုဗစ်-၁၉ ရောဂါအခြေအနေအပေါ် အကြောင်းပြု၍ အဆင်ပြေမှုမရှိသေးဟု ဘင်္ဂလား ဒေ့ရှ်ဘက်က ပြောကြားထားကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် နယ်စပ်ဒေသ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ နှစ်နိုင်ငံ အကြား ထူထောင်ထားသည့် နယ်ခြားဆက်ဆံရေးရုံးအချင်းချင်း ဆက်သွယ်ဆောင်ရွက်သည့် ယန္တရားမှတစ်ဆင့် ဆွေးနွေးညှိနှိုင်းဖြေရှင်းသွားရန် အသင့်ရှိကြောင်း ထပ်လောင်း ပြောကြားခဲ့ပြီး ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးအား သတိထောက်လွှာ တစ်စောင်ပေးအပ်ခဲ့ ကြောင်း သိရသည်။
သတင်းစဉ်