နေပြည်တော် စက်တင်ဘာ ၁၇
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် လူငယ်တစ်ဦး ပြည်သူ့စစ်မှုထမ်းဆောင်ရန် တိမ်းရှောင်သဖြင့် ပခုက္ကူမြို့နယ်၊ အမှတ်(၃)ရပ်ကွက် ၎င်းလူငယ်၏ လေဖြတ်နေသော မိခင်ဖြစ်သူကို တာဝန်ရှိသူများက ဓားစာခံအဖြစ် ဖမ်းဆီးထားသည်ဟု တရားမဝင်ပြည်ဖျက်မီဒီယာများက သတင်းတု၊ သတင်းအမှားများ မဟုတ်မမှန် လုပ်ကြံရေးသားလျက်ရှိသည်ကို တွေ့ရှိရသည်။
အဆိုပါ သတင်းနှင့်ပတ်သက်၍ ပခုက္ကူမြို့နယ် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ပခုက္ကူမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းရန် တိမ်းရှောင်သူ၏ မိခင်ကို ဓားစာခံအဖြစ် ဖမ်းဆီးသည့် သတင်းမှာ မှန်ကန်မှုမရှိကြောင်း၊ တရားမဝင်ပြည်ဖျက်မီဒီယာတွင် ဖော်ပြထားသည့် နေရပ်လိပ်စာတွင် ၎င်းအမည်ဖြင့် နေထိုင်သူမရှိကြောင်း စုံစမ်းသိရှိရပြီး တာဝန်ရှိသူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းစတင်ဆောင်ရွက်သည့် အချိန်မှစ၍ ယနေ့အထိ သတ်မှတ်ပြဋ္ဌာန်းထားသည့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်အညီသာ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။