တပ်ကုန်း စက်တင်ဘာ ၁၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း စက်တင်ဘာ ၁၁ရက်မှ ၁၂ရက်ထိ မိုးအဆက်မပြတ်ရွာသွန်းသဖြင့် နဝင်းချောင်း ရေကြီးရေလျှံမှုကြောင့် ပျက်စီးခဲ့သည့် ကျေးရွာလမ်း၊ တံတားများအား နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ ခရိုင်ကျေးလက်လမ်းဦးစီးဌာန၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ရန်ကုန်-မန္တလေးကားလမ်းနှင့်ခရိုင်ချင်းဆက်လမ်း ဆက်သွယ်ထားသည့်လမ်းပေါ်တွင် မိုင် တိုင် ၄မိုင် ၆ဖာလုံနှင့် ၄မိုင် ၇ဖာလုံကြား Box-culvert ချင်းကပ်လမ်း ၁၀ ပေခန့် ဂလိုင်ဖွဲ့ရေထွက်မှုအား ဒေသခံပြည်သူများ ယာယီပြန်လည်ပြုပြင်နေမှုအခြေအနေအား ကြည့်ရှုအားပေး၍ နေပြည်တော်ကောင်စီဝင်က ရေသန့်ဗူးများ လှူဒါန်းခဲ့ပြီးနောက် ထုံးဖိုကျေးရွာအုပ်စုအတွင်း ခရိုင်ချင်း ဆက်လမ်းပေါ်ရှိ အရှည် ၃၀၀ ပေ၊ အကျယ် ၁၄ ပေရှိသော ညောင်ကိုင်းချောင်းဖြတ်ကူးတံတား ရေစီးနောက်မျောပါပျက်စီးမှုအား ကြည့်ရှုစစ်ဆေး၍ လည်းကောင်း၊ အုန်းပင်ကျေးရွာအနီး အလျား ၂၈၂ ပေ၊ အမြင့် ၈ ပေ၊ ထိပ်ပြင်အကျယ် ၅ ပေရှိသော ပွဲစားဆည်ကျိုးပေါက်ပျက်စီးမှုအား ကြည့်ရှု စစ်ဆေး၍လည်းကောင်း၊ အုန်းပင်ကျေးရွာနှင့် သစ်ဆိန်ပင်ကျေးရွာချင်းဆက် လယ်ငယ်ချောင်းကူးတံတား အလျား ၇၀ပေ၊ အနံ ၁၅ပေ၊ အမြင့် ၆ပေ နုံးတင်ပြိုကျပျက်စီးမှုအား ကြည့်ရှုစစ်ဆေး၍လည်းကောင်း၊ အုန်းပင်ကျေးရွာနှင့် သစ်ဆိန်ပင်ကျေးရွာမှ ရေဘေးသင့်ပြည်သူများအား ဆန်၊ ဆီ၊ သောက်ရေသန့်၊ အဝတ်အထည်နှင့်အစားအစာများ ထောက်ပံ့လှုဒါန်း၍လည်းကောင်း၊ ကင်းသာကျေးရွာအုပ်စု၊ ကင်းသာတမံ နုံးတင်ပြီး တိမ်ကောပျက်စီးမှုအား ကြည့်ရှုစစ်ဆေး၍လည်းကောင်း၊ ခရိုင်ချင်းဆက်လမ်းပေါ်ရှိ မုန်ချောင်းကူးတံတားကြံ့ခိုင်မှု၊ Box Culvert ပျက်စီးမှုနှင့် ကားလမ်းတစ်လျှောက် အမှိုက်သရိုက်များ၊ သစ်တုံးသစ်ဆွေးများ၊ ရွှံ့နွံများ စက်ယန္တရားများဖြင့် သန့်ရှင်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး၍လည်းကောင်း၊ သရက်အုပ်ကျေးရွာရှိ ရေဘေးသင့် ပြည်သူများ ကျေးရွာအတွင်း ပြန်လည်ဝင်ရောက်နေထိုင်နိုင်ရေး ကျေးရွာအဝင်လမ်း ပြန်လည်ဖောက်လုပ်နိုင်ရေးနှင့် သောက်သုံးရေးရရှိရေးအတွက် ရေတွင်းများ အမြန်ပြန်လည်ပြုပြင်နိုင်ရေး သက်ဆိုင်ရာဌာနဆိုင်ရာများအား ရှင်းလင်းမှာကြားခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် မြို့နယ်အတွင်း ရေဘေးသင့်ရပ်ကွက် လေးရပ်ကွက်နှင့်ကျေးရွာ ၂၈ ရွာတို့အား မြေပြင်စာရင်းမှန်ကန်ရရှိစေရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တွေ့ဆုံခဲ့ရာ ခရိုင်မှ ဦးဆောင်ပြီး ကြီးကြပ်ရေးအဖွဲ့နှင့်ကွင်းဆင်းကောက်ခံရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်၍ ရေဘေးသင့်ရပ်ကွက်၊ ကျေးရွာများရှိ လမ်း၊ တံတား၊ ရေရရှိရေး၊ မီး လင်းရေး၊ ပညာရေး စသည့်အစိုးရပိုင်လုပ်ငန်းများ ပျက်စီးဆုံးရှုံးမှု၊ ပုဂ္ဂလိကပိုင်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှု၊ စိုက်ပျိုးမွေးမြူရေးများ ပျက်စီးဆုံးရှုံးမှု၊ လယ်ယာမြေပျက်စီးဆုံးရှုံးမှု၊ လူနှင့်တိရိစ္ဆာန် အသေအပျောက်စာရင်းများအား အမြန်ဆုံးစာရင်းကောက်ရေး ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် ညနေပိုင်းတွင် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများ အဆုံ (ဇီးကုန်) ကျေးရွာ ရေဘေးသင့်ဒေသခံရပ်မိရပ်ဖများနှင့်တွေ့ဆုံ၍ အားပေးစကားပြောကြားပြီး၊ ကျေးရွာစာသင်ကျောင်းများ ဖွင့်လှစ်နိုင်ရေး၊ ကျေးရွာအဝင်လမ်း ကောင်းမွန်ရေး၊ သောက်သုံးရေအဆင်ပြေစေရေး သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တင်စိုးလွင်