Skip to main content

ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ရှိ စက်ရုံများ ကွင်းဆင်းစစ်ဆေး

နေပြည်တော် စက်တင်ဘာ ၁၆

စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ ၁၄ ရက် နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ရှိ အိမ်သုံးပစ္စည်းစက်ရုံ (မင်းစု) သို့ရောက်ရှိပြီး ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ပေးပို့မည့် ဆေးရုံသုံးခုတင်များ စနစ်တကျထုပ်ပိုးပြီးစီးမှုနှင့် ဆေးရုံသုံးပရိဘောဂပစ္စည်းများ ထုတ်လုပ်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ထိုသို့ကြည့်ရှုစဉ် ဒုတိယဝန်ကြီးက ကျန်းမာရေးဝန်ကြီးဌာနမှ မှာယူထားသည့် စတီးလ်ပစ္စည်းအမျိုးမျိုးကို ပြည်ပသွင်းကုန် အစားထိုးလုပ်ငန်းအနေဖြင့် ဆောင်ရွက်နေခြင်းဖြစ်၍ လက်ရာသေသပ်ကောင်းမွန်ပြီး အရည်အသွေးပြည့်မီအောင် အလေးထားဆောင်ရွက်ရန်၊ ဆေးရုံသုံးပရိဘောဂပစ္စည်းများကို အမှာစာအရ အချိန်မီထုတ်လုပ်ပေးနိုင်ရေးအတွက် အချိန် ဇယားရေးဆွဲဆောင်ရွက်ရန်၊ ထုတ်လုပ်ပြီးစီးသည့် ဆေးရုံသုံးပရိဘောဂပစ္စည်းများ အမြန်ဆုံးပေးပို့နိုင်ရေး ညှိနှိုင်းဆောင်ရွက်သွားရန်၊ သဘာဝဘေးအန္တရာယ်၊ မီးဘေးအန္တရာယ်၊ လုံခြုံရေးဆိုင်ရာ ကြိုတင်ကာကွယ်ရေးစီမံချက်များကို နောက်ဆုံးအခြေအနေနှင့် ကိုက်ညီမှုရှိအောင် ပြုစုရေးသားထားရန်နှင့် ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်သွားရန် မှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ကျောက်ဆည်စက်မှုနယ်မြေရှိ အမှတ်(၃၆)အကြီးစားစက်ရုံ (ကျောက်ဆည်) ရှင်းလင်းဆောင်၌ အထွေထွေမန်နေဂျာများ၊ စက်ရုံမှူးနှင့် အရာထမ်းများ အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီမှတာဝန်ရှိသူများနှင့်တွေ့ဆုံ၍ အလုပ်ရုံတစ်ခုချင်းရှိ စက်များကိုစစ်ဆေးပြီး ဝန်မဲ့လည်ပတ်ခြင်းဆောင်ရွက်ရန်၊ စက်ရုံ၌ရှိပြီးဖြစ်သော နည်းပညာများ တိမ်ကောပပျောက်မှုမရှိစေရေးအတွက် ဆင့်ပွားသင်တန်းများနှင့် ဆွေးနွေးပွဲများကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်သွားရန်၊ ဝန်ထမ်းများအနေဖြင့် ခေတ်မီမှန်ထုတ်လုပ်သည့် နည်းပညာများရရှိရေးအတွက် စာတွေ့လက်တွေ့လေ့လာသင်ယူကြရန်နှင့် ဝန်ထမ်းတစ်ဦးချင်းစီ၏ တတ်မြောက်ထားသည့် ကျွမ်းကျင်ပညာရပ်များကို အကျိုးရှိစွာအသုံးပြုနိုင်ရေး စီမံဆောင်ရွက်ရန်မှာကြားပြီး မှန်အရည်ကျိုမီးဖို၊ ဟိုက်ဒရိုဂျင်ထုတ်လုပ်ရေးဌာနနှင့် နိုက်ထရိုဂျင်ထုတ်လုပ်ရေးဌာနများအပါအဝင် ကုန်ထုတ်ဌာနများရှိ စက်ပစ္စည်းများစနစ်တကျ ထိန်းသိမ်းဆောင်ရွက်ထားရှိမှု၊ စက်ရုံအတွင်း၊ အပြင်သန့်ရှင်းရေးဆောင် ရွက်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်