Skip to main content

ဗီယက်နမ်နိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ပြန်လည် ခေါ်ဆောင်ခဲ့

နေပြည်တော် စက်တင်ဘာ ၁၇

နိုင်ငံတကာခရီးသည်တင်လေယာဉ်များ ပျံသန်းမှုယာယီရပ်ဆိုင်းထားခြင်းကြောင့် ဗီယက်နမ်နိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ၅၆ ဦးအား မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ ညနေပိုင်းတွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည် ရောက်ရှိကြသည်။


၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေးစိစစ်ရေး၊ သီးသန့်စီစဉ်ပေးသည့် နေရာ/သတ်မှတ် ဟိုတယ်များ၌ အသွားအလာ ကန့်သတ်မှု ၁၄ ရက်နှင့် နေအိမ်တွင် အသွားအလာကန့်သတ်မှုခုနစ်ရက် နေထိုင်စေရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်ပေးကြသည်။

ပြည်ပ နိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ပြန်လည် ခေါ်ဆောင်ရန် Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ သက်ဆိုင်ရာ နိုင်ငံများရှိ မြန်မာသံရုံးများနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့အချိန်ထိ ကယ်ဆယ်ရေးလေယာဉ်/ အထူးလေယာဉ်များဖြင့် မြန်မာ နိုင်ငံသား စုစုပေါင်း ၁၅၄၅၃ ဦး ပြန်လည်ခေါ်ဆောင်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်