Skip to main content

ရထားများ အမြန်ဆုံးပြန်လည်ပြေးဆွဲနိုင်ရေး လမ်းနှင့် တံတားများ ပြင်ဆင်မွမ်းမံမှုများ ဆောင်ရွက်

နေပြည်တော် စက်တင်ဘာ ၁၆

မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူးသည် တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ ၁၄ ရက် နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် သာစည်ဘူတာမှ ဝမ်းတွင်းမြို့နယ် သပြေတောင်းဘူတာအထိ မွမ်းမံပြင်ဆင်ဆောင်ရွက်နေမှုကိုလည်းကောင်း၊ မွန်းလွဲပိုင်းတွင် ဝမ်းတွင်းမြို့နယ် စမုံနှင့် သပြေတောင်းဘူတာအကြား မိုင်တိုင် (၃၃၃/၁) ၌ အစုန်လမ်းတံတားအမှတ် (၆၉၁)၏ ပေ ၄၀ သံပေါင်ခုနစ်ခု အနက်လေးခု ရေထဲပြုတ်ကျပြီး ကမ်းကပ်ခုံနှစ်ဖက်ရှိ သံပေါင်များသာ ကျန်ရှိသည့် အခြေအနေကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ရေများ ပြန်လည်ကျဆင်းသွားပြီဖြစ်သဖြင့် စက်ယန္တရားများ အသုံးပြု၍ တံတားအား အမြန်ဆုံးပြန်လည်စစ်ဆေး ပြုပြင်နိုင်ရေး မှာကြားခဲ့သည်။

တိုင်ဖွန်းမုန်တိုင်း “ရာဂီ” ၏ အရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး နေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေးတိုင်းဒေသကြီးတို့နှင့် ဆက်စပ်သည့် ရန်ကုန်-မန္တလေး ရထားလမ်းမကြီးနှင့် ရှမ်းပြည်(တောင်ပိုင်း) သာစည်-ရွှေညောင်-တောင်ကြီး ရထားလမ်းပိုင်းတို့တွင် ရထားလမ်းတာပေါင်နေရာများနှင့် တံတားများ ရေတိုက်စား၍ ပျက်စီးခဲ့မှုများကြောင့် ရထားခရီးစဉ်များကို ယာယီရပ်ဆိုင်းထားရသဖြင့် ခရီးသည်နှင့် ကုန်စည်သွားလာပို့ဆောင်မှုလုပ်ငန်းများ ထိခိုက်လျက်ရှိရာ ရထားများ အမြန်ဆုံးပြန်လည်ပြေးဆွဲနိုင်ရေးအတွက် မြန်မာ့မီးရထားအနေဖြင့် ရထားလမ်းနှင့် တံတားများ ပြင်ဆင်မွမ်းမံမှုကို လူအင်အား၊ ပစ္စည်းအင်အား၊ ထိရောက်သော ထောက်ပံ့ပို့ဆောင်ရေးအစီအစဉ်တို့ဖြင့် စနစ်တကျ စီမံကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာ့မီးရထားမှ သိရသည်။

သတင်းစဉ်