နေပြည်တော် စက်တင်ဘာ ၁၆
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ဖွင့်ပွဲအခမ်းအနား မီးရှူးတိုင်သယ်ယူရေးနှင့် ပရိသတ်များ တက်ရောက်အားပေးနိုင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။
တက်ရောက်
အစည်းအဝေးသို့ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကျင်းပရေး ဦးစီးကော်မတီအတွင်းရေးမှူး အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ ဦးစီးကော်မတီတွဲဖက်အတွင်းရေးမှူး နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီး ဦးထိန်လင်းက အမျိုးသားအားကစားပွဲတော်ကျင်းပရာတွင် အဓိကကျသည့် ဖွင့်ပွဲအခမ်းအနားအစီအစဉ်၌ ပါဝင်သော မီးရှူးတိုင်သယ်ယူရေး၊ သယ်ဆောင်ရာတွင် မော်တော်ယာဉ်လုံလောက်မှုရှိစေရေးနှင့် လမ်းတစ်လျှောက် သတ်မှတ်နေရာများတွင် ပရိသတ်အင်အားထားရှိရေး၊ ဖွင့်ပွဲနှင့် ပိတ်ပွဲအခမ်းအနားများတွင် ပရိသတ်အင်အားပြည့် လာရောက်ကြည့်ရှုအားပေးနိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ရန် ပြောကြားသည်။
ထို့နောက် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကျင်းပရေး ဦးစီးကော်မတီတွဲဖက်အတွင်းရေးမှူး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက မီးရှူးတိုင်ထားရှိမည့် နေရာသတ်မှတ်ထားရှိမှု၊ မီးရှူးတိုင်လက်ဆင့်ကမ်းသယ်ယူမည့် အစီအစဉ်နှင့် သယ်ယူမည့်လမ်းကြောင်း၊ ဖွင့်ပွဲနှင့် ပိတ်ပွဲအခမ်းအနားတွင် ပရိသတ်အင်အား လုံလောက်မှုရှိစေရေး၊ ဖိတ်ကြားရေး၊ ကြိုဆိုနေရာချထားရေးနှင့် မော်တော်ယာဉ်ဆိုင်ရာကိစ္စများကိုလည်းကောင်း၊ တက်ရောက်လာကြသူများက ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနား မီးရှူးတိုင်သယ်ယူရေးနှင့် ပရိသတ်များ တက်ရောက်အားပေးနိုင်ရေးအတွက် မော်တော်ယာဉ်ကြို၊ ပို့ကိစ္စရပ်များနှင့် အထွေထွေကိစ္စရပ်များကိုလည်းကောင်း ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်