Skip to main content

ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ရေပြန်လည်ကျဆင်းသွားသည့်နေရာများအား သန့်ရှင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်၊ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်း

နေပြည်တော် စက်တင်ဘာ ၁၆

နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်အချို့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုများဖြစ်ပွားခဲ့ပြီး ချောင်းရေ၊ မြစ်ရေများမြင့်တက်ကာ မြို့နယ်အချို့ရှိ ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် ရပ်ကွက်/ကျေးရွာများမှ ကူညီရွှေ့ပြောင်းရန်လိုအပ်နေသူများကို အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရွှေ့ပြောင်းပေးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် တက်ကြွစွာပူးပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။

ယနေ့တွင်လည်း ရေကြီးရေလျှံမှုဖြစ်ပေါ်နေသည့် လယ်ဝေးမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်နှင့် ဇေယျာသီရိမြို့နယ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်နှင့် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်၊ ရေတာရှည်မြို့နယ်နှင့် အုတ်တွင်းမြို့နယ်များအတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ ရေဘေးသင့်ပြည်သူများအား တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးအဖွဲ့များက ကူညီကယ်ဆယ် ရွှေ့ပြောင်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းနှင့် ရေများပြန်လည် ကျဆင်းသွားသည့်နေရာများရှိ လမ်း၊ တံတားများ၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တင်ကျန်ခဲ့သည့် နုန်းများ၊ သစ်ပင်သစ်ကိုင်းများဖယ်ရှားပေးခြင်းအပါအဝင် သန့်ရှင်းရေးလုပ်ငန်းများကို ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ တက်ကြွစွာဆောင်ရွက်ပေးလျက်ရှိသည်။

ရေကြီးမှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် လမ်း/တံတားများကိုလည်း လမ်းပန်းဆက်သွယ် ရေး အမြန်ဆုံးပြန်လည်ကောင်းမွန် စေရန်အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ပျက်စီးခဲ့သည့် လမ်း/တံတားများကိုလည်း ယာယီသံပေါင်ဘေလီတံတားများအစားထိုး၍ အမြန်ဆုံးပြန်လည် ပြင်ဆင်ဆောင်ရွက်ခဲ့ရာ ယနေ့အထိ ပုဗ္ဗသီရိမြို့နယ် ဆင်တဲကြီးကျေးရွာနှင့် ဇေယျာသီရိမြို့နယ် သိုက်ချောင်းကျေးရွာသို့ ဆက်သွယ်ထားသော သိုက်ချောင်းတံတား (ဆင်သေချောင်းကူး)၊ ပုဗ္ဗသီရိမြို့နယ် ဥယျာဉ်စုကျေးရွာနှင့် ဇေယျာသီရိမြို့နယ် ဒိုးပင်ကုန်းကျေးရွာသို့ ဆက်သွယ်ထားသော သိုက်ချောင်းတံတား (ဆင်သေချောင်းကူး) နှင့် တပ်ကုန်းမြို့နယ် ကင်းသာကျေးရွာအုပ်စု ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ရှိ နဝင်းချောင်းတံတား(အဆုံ) တံတားသုံးစင်းတို့ကို ယာယီဘေလီတံတား အစားထိုးခြင်း ပြီးစီးပြီဖြစ်၍ မော်တော်ယာဉ်များ ဖြတ်သန်းသွားလာနိုင်ပြီဖြစ်သည်။ ထို့ကြောင့် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ရေကြီးရေလျှံမှုကြောင့် ပျက်စီးသွားသည့် တံတားများအနက် တံတားခြောက်စင်းကို ယာယီဘေလီတံတား အစားထိုး ခြင်းကို ပြီးစီးပြီဖြစ်၍ ပြုပြင်ရန်ကျန်ရှိနေသည့် တံတားများကိုလည်း အမြန်ဆုံးပြင်ဆင်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် နေပြည်တော်ကောင်စီ နယ်မြေနှင့် သက်ဆိုင်ရာတိုင်း ဒေသကြီးနှင့်ပြည်နယ်များအလိုက် ယာယီရေဘေးရှောင်စခန်းများ ဖွင့်လှစ်ပေးထားပြီးလိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကာ ရေဘေးသင့်ပြည်သူများ စားသောက်ရေးအခက်အခဲမရှိစေရေးအတွက်တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် စေတနာရှင်ပြည်သူများက ထမင်းဘူးများ၊ ရေသန့်များ၊ အခြားစားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများကို လိုက်လံပေးအပ်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်ပေးနေမှုများကို နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ် နှင့် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများ၊ အဝတ်အထည်များနှင့် စားသောက်ဖွယ်ရာများပေးအပ်၍ ရင်းရင်းနှီးနှီးအားပေးစကားများပြောကြားကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

သတင်းစဉ်