Skip to main content

ရေဘေးသင့်ဒေသများရှိ ပြည်သူများအား သက်ဆိုင်ရာဒေသအလိုက် ဖွဲ့စည်းထားသည့် စီမံခန့်ခွဲမှုအဖွဲ့မှ တာဝန်ရှိသူများက သွားရောက်အားပေးစကားပြောကြားပြီး လိုအပ်ချက်များကို အဓိကထား၍ ပံ့ပိုးပေးသွားရမည်

နေပြည်တော် စက်တင်ဘာ ၁၆

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအစည်းအဝေး (၂/၂၀၂၄) ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ကျင်းပရာ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။

အခမ်းအနားသို့ ကော်မတီအဖွဲ့ဝင်ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီး/ ပြည်နယ် သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌများဖြစ်ကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ယခုအစည်းအဝေးသည် လတ်တလောဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုဖြစ်စဉ်နှင့်စပ်လျဉ်း၍ စီမံခန့်ခွဲမှုများ မြန်မြန်ဆန်ဆန် ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ (၂/၂၀၂၄) အစည်းအဝေးကို ကျင်းပခြင်းဖြစ်ကြောင်း၊ ရာဂီမုန်တိုင်းတိုက်ခတ်မှုကြောင့် မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှဒေသနိုင်ငံများ ထိခိုက်ခံစားခဲ့ရကြောင်း၊ မြန်မာနိုင်ငံတွင်လည်း ရာဂီတိုင်ဖွန်းမုန်တိုင်းဒဏ်ကြောင့် နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်အချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခံစားခဲ့ရကြောင်း၊ ရေကြီးရေလျှံမှုခံစားနေရသည့် ရေဘေးသင့်ပြည်သူများအတွက် စီမံခန့်ခွဲမှုကော်မတီနှင့် တိုင်းဒေသကြီး/ပြည်နယ် စီမံခန့်ခွဲမှုအဖွဲ့များက လိုအပ်ချက်များကို လျင်လျင်မြန်မြန် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ တည်မြဲအမိန့်တွင် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့်ပြည်နယ်များက အဖွဲ့များဖွဲ့၍ စီမံဆောင်ရွက်သွားရန် ထုတ်ပြန်ထားပြီးဖြစ်ကြောင်း။

သဘာဝဘေးအန္တရာယ် တုံ့ပြန်မှုအပိုင်းတွင် အပိုင်း ၂ ပိုင်းရှိပြီး ယခုနှစ်မိုးရာသီ အစောပိုင်းကာလ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး စသည့်နယ်မြေဒေသတစ်ခုချင်းအလိုက် မြစ်ရေကြီးမှုများရှိခဲ့သော်လည်း သက်ဆိုင်ရာပြည်နယ်နှင့်တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီများ၏အစီအမံဖြင့် ဆောင်ရွက်ခဲ့သည့် ပုံစံမှာ လုပ်ငန်းဆောင်ရွက်မှုပုံစံ (၁) Scenario-1 ဖြစ်ပြီး ၎င်းမှ အန္တရာယ်သက်ရောက်မှု ပိုမိုကျယ်ပြန့်လာခြင်း၊ သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ အရင်းအမြစ်များနှင့် တုံ့ပြန်ရန် အကန့်အသတ်ရှိလာခြင်းနှင့် နယ်မြေတစ်ခုနှင့် တစ်ခုချိတ်ဆက်ဆောင်ရွက်မှသာ ပိုမိုသက်ရောက်မှုရှိသည့် အခြေအနေမျိုး၌ ပြည်ထောင်စုမှ အဓိကတာဝန်ယူ ဆောင်ရွက်ပေးရသည့် လုပ်ငန်းဆောင်ရွက် မှုပုံစံ(၂) Scenario-2 ဖြင့် ဆောင်ရွက်ရပါကြောင်း။

ရာဂီတိုင်ဖွန်းမုန်တိုင်း တစ်နာရီလျှင် မိုင် ၁၃၀ အထိ တိုက်ခတ်ခဲ့

ယခုဗီယက်နမ်နိုင်ငံသို့ ဝင်ရောက်တိုက်ခတ်ခဲ့သည့် ရာဂီတိုင်ဖွန်းမုန်တိုင်းကြီးသည် အားအလွန်ကောင်းစွာဖြင့် စက်တင်ဘာ ၇ ရက်တွင် တစ်နာရီလျှင် မိုင် ၁၃၀ အထိ တိုက်ခတ်ခဲ့ရာ အဆိုပါ မုန်တိုင်းအရှိန်ကြောင့် အကြွင်းကျန်မိုးသားတိမ်တိုက်များသည် အိမ်နီးချင်းကမ္ဘောဒီးယားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံနှင့် မြန်မာနိုင်ငံသို့ပါ အဆင့်ဆင့်ရောက်ရှိပြီး မိုးရေများစံချိန်တင်ရွာသွန်းခြင်းဖြစ်ပေါ်ခဲ့ကြောင်း၊ ထူးခြားချက်မှာ မြန်မာနိုင်ငံအနေဖြင့် ကြွင်းကျန်မိုးသားတိမ်တိုက်များ ရောက်ရှိချိန်တွင် ဘင်္ဂလားပင်လယ်အော်နှင့် အိန္ဒိယနိုင်ငံအစပ်တွင်လည်း စက်တင်ဘာ ၉ ရက် နှင့် ၁၀ ရက်တို့တွင် အားကောင်းသည့် လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပွားခဲ့ကြောင်း၊ ယင်းဖြစ်စဉ်ကြောင့် မိမိတို့နိုင်ငံတွင် စက်တင်ဘာ ၁၁ ရက်နှင့် ၁၂ ရက် တို့တွင် မိုးရွာသွန်းမှု ပိုမိုများပြားခဲ့ရကြောင်း၊ အထူးသဖြင့် နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ်အတွင်း စံချိန်တင်မိုးရွာသွန်းမှုများမှတစ်ဆင့် နဝင်းချောင်း၊ မုန်ချောင်းနှင့် ကင်းသာချောင်းတို့၌ တောင်ကျရေများ၊ မြေပြိုမှုမှ သစ်ပင်အမှိုက်သရိုက်နှင့် နုန်းမြေများအမြောက်အမြားစီးဆင်းရာမှ မကြုံစဖူး ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ကြောင်း။

ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင်လည်း ရာဂီမုန်တိုင်းကြောင့် ရေကြီးရေလျှံမှုများခံစားခဲ့ရပြီး ဘေးအန္တရာယ်သက်ရောက်မှု ဧရိယာမှာ ပြည်နယ်နှင့်တိုင်းဒေသကြီး ၅ ခုတွင် ကျယ်ပြန့်စွာသက်ရောက်လာသည့်အတွက် ဆောင်ရွက်မှုပုံစံ Scenario-2 ဖြင့် စက်တင်ဘာ ၁၂ ရက်နေ့မှစတင်ပြီး သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဗဟို ဌာန (Disaster Management Centre) ဖွင့်လှစ်ပြီး လုပ်ငန်းဆောင်ရွက်ခဲ့ကြောင်း၊ စက်တင်ဘာ ၁၃ ရက်တွင် ဒုတိယဥက္ကဋ္ဌ များ ဦးဆောင်သည့် DMC အစည်းအဝေးကိုကျင်းပကာ ဆုံးဖြတ်ချက်များချမှတ်ကာ ဆောင်ရွက်ခဲ့ပါကြောင်း၊ စက်တင်ဘာ ၁၄ ရက်တွင် နေပြည်တော်ကောင်စီနယ်မြေ၌ မိမိဦးဆောင်ပြီး DMC အစည်းအဝေးကို နေပြည်တော်ကောင်စီရုံး၌ အရေးပေါ်ကျင်းပပြီး လုပ်ငန်းများဆောင်ရွက်ရန် ညှိနှိုင်းပေါင်းစပ်၍ လိုအပ်သည်များမှာကြားခဲ့ကြောင်း။

ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

နေပြည်တော်ကောင်စီနယ်မြေတွင် စက်တင်ဘာ ၁၂ ရက် ရေကျချိန်မှစ၍ သန့်ရှင်းရေးလုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့ပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီများက ကူညီကယ်ဆယ်ရေး၊ သန့်ရှင်းရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း။

တိုင်းဒေသကြီးနှင့်ပြည်နယ် ၉ ခုတွင် ယာယီရေဘေးကယ်ဆယ်ရေးစခန်း ၃၈၈ ခုဖွင့်လှစ်

ယင်းဖြစ်စဉ်နှင့်စပ်လျဉ်း၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများက သက်ဆိုင်ရာအဖွဲ့အစည်းနှင့် တာဝန်ရှိသူများက ရေကြီးရေလျှံနေသည့်နေရာများအား ခက်ခက်ခဲခဲဖြင့် သွားရောက်ဆောင်ရွက်ခဲ့ရကြောင်း၊ ရေကြီးရေလျှံမှုကြောင့် ပျက်စီးဆုံးရှုံးမှုများနှင့် စပ်လျဉ်း၍ စက်တင်ဘာ ၁၅ ရက်နေ့တင်ပြမှုအရ တိုင်းဒေသကြီးနှင့်ပြည်နယ် ၇ ခုရှိ မြို့နယ် ၆၉ မြို့နယ်တွင် သေဆုံးမှုအနေဖြင့် နေပြည်တော်တွင် ၄၇ ဦး၊ ကရင်ပြည်နယ်တွင် ငါးဦး၊ မန္တလေးတိုင်းဒေသကြီးတွင် ၇၆ ဦး၊ ရှမ်းပြည်နယ်တွင် ၄၃ ဦးနှင့် ဧရာဝတီတိုင်းဒေသကြီးတွင် တစ်ဦးရှိနေသည်ဟုသိရှိရကြောင်း၊ ယင်းဖြစ်စဉ်နှင့်စပ်လျဉ်း၍ ပျက်စီးမှု၊ သေဆုံးပျောက်ဆုံးမှုများကို အတည်ပြုထုတ်ပြန်သွားရန်လိုကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ၉ ခုတွင် ယာယီရေဘေး ကယ်ဆယ်ရေးစခန်း ၃၈၈ ခုဖွင့်လှစ်ပြီး ကျန်းမာရေးနှင့် ညီညွတ်ပြီး အာဟာရပြည့်ဝသည့် စားရေး၊ သန့်ရှင်းသော သောက်သုံးရေရရှိရေး၊ ကျန်းမာရေးနှင့် အဝတ်အထည်ရရှိရေးတို့ကို တာဝန်ရှိသူများနှင့် အလှူရှင်များက လှူဒါန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် မအားလပ်သည့်ကြားမှ စက်တင်ဘာ ၁၂ ရက်မှစ၍ နေပြည်တော်ကောင်စီနယ် မြေရှိ ရေကြီးရေလျှံဖြစ်ပွားခဲ့သည့် နယ်မြေများသို့ ကွင်းဆင်းစစ်ဆေးပြီး လိုအပ်ချက်များကို ဆောင်ရွက်ပေးခဲ့ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် ဆည်မြောင်းတာတမံများနှင့်စပ်လျဉ်း၍ ပြည်သူများအား စိုးရိမ်ပူပန်မှုမရှိစေရန် အသိပေးထုတ်ပြန်ချက်များ ထုတ်ပြန်ပေးရန်၊ ရေကြီးရေလျှံမှု ဖြစ်ပွားနိုင်သည့် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများမှ ပြည်သူများကို ဘေးလွတ်ရာသို့ ကြိုတင်ရွှေ့ပြောင်းနိုင်ရေး ညွှန်ကြားခဲ့သည့်အတွက် ပဲခူးတိုင်းဒေသကြီး စစ်တောင်းမြစ်ဝှမ်းဒေသရှိ ပြည်သူများကို ဘေးလွတ်ရာသို့ ကြိုတင်ရွှေ့ပြောင်းပေးနိုင်ခဲ့ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် စီမံခန့်ခွဲမှုအဖွဲ့များအနေဖြင့် ကယ်ဆယ် ရေးစခန်းများသို့ သွားရောက်ရာတွင် သန့်ရှင်းသောသောက်သုံးရေရရှိရေးနှင့် ကျန်းမာရေးနှင့်ညီညွတ်ပြီး အာဟာရဖြစ်စေမည့် အစားအသောက်များရရှိရေးအတွက် ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ ရေဘေးဖြစ်ပွားခဲ့သည့် ဒေသများတွင် ယာယီပိတ်ထားရသည့် ရုံးဌာနများ၊ စာသင်ကျောင်းများနှင့် ဆေးရုံ များကို အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် တာဝန်ရှိသည့် အဖွဲ့အစည်းများဖြင့် ပူးပေါင်းဆောင်ရွက်သွားရန်လိုကြောင်း၊ ရေဘေးသင့် ပြည်သူများအတွက် စေတနာရှင်ပြည်သူများကလှူဒါန်းသည့် အလှူငွေများနှင့်ပစ္စည်းများကို စနစ်တကျစီမံဆောင်ရွက်ထားရမည်ဖြစ်ပြီး ရေဘေးသင့်ပြည်သူများကို မျှမျှတတရရှိစေရေး ဖြန့်ခွဲပေးရန်လိုကြောင်း၊ နိုင်ငံတော်အနေဖြင့် အလှူရှင်များမရောက်နိုင်သည့် အချို့ရေဘေးသင့် ယာယီကယ်ဆယ်ရေးစခန်းများ အပါအဝင် ယာယီသဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး စခန်းများသို့လည်း ကျန်းမာရေးနှင့်ညီညွတ်သည့် အခြေခံ အစားအစာ ၅ မျိုးနှင့် သောက်သုံးရေ ရရှိရေးအတွက် ပို့ဆောင်ပေးလျက် ရှိကြောင်း။

ရေဘေးသင့်ဒေသများရှိ ပြည်သူများအား သက်ဆိုင်ရာဒေသအလိုက်ဖွဲ့စည်းထားသည့် စီမံခန့်ခွဲမှုအဖွဲ့မှတာဝန်ရှိသူများက သွားရောက်အားပေးစကားပြောကြားပြီး လိုအပ်ချက်များကို အဓိကထား၍ ပံ့ပိုးပေးသွားရမည်ဖြစ်ကြောင်း၊ ဆည်မြောင်းတာတမံများနှင့်စပ်လျဉ်း၍ ပြည်သူများစိုးရိမ်ပူပန်မှုမရှိစေရေး ရှင်းလင်းပြောကြားရန်လိုကြောင်း၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုကော်မတီအနေဖြင့် သဘာဝဘေးနှင့်ပတ်သက်၍ အတွေ့အကြုံရှိပြီးဖြစ်သည့်အတွက် နောက်ဆက်တွဲဆောင်ရွက်ရမည့် ကိစ္စရပ်များကို အကောင်းဆုံးဖြေရှင်းဆောင်ရွက်ပေးနိုင်ရန် ဝိုင်းဝန်းဆွေးနွေးပေးကြရန်လိုကြောင်း၊ မိုခါမုန်တိုင်းဖြစ်ပွားစဉ်က လုပ်ငန်းကော်မတီ ၁၂ ရပ်ကို ဖွဲ့စည်းပြီး အကောင်းဆုံး ဖြေရှင်းဆောင်ရွက်ပေးနိုင်သကဲ့သို့ ယခုဖြစ်စဉ်တွင်လည်း လိုအပ်သည့်ကော်မတီများဖွဲ့စည်းပြီး လိုအပ်သည်များ ဆက်လက်ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ နိုင်ငံပိုင်ရုံးဌာန အဆောက်အဦများ ပျက်စီးဆုံးရှုံးမှု၊ လူနေအိမ်များနှင့် အခြားအဆောက်အဦများ ပျက်စီးဆုံးရှုံးမှု၊ လယ်ယာမြေများ ရေကြီးနစ်မြုပ်မှုနှင့် တိရစ္ဆာန်သေဆုံးမှုတို့ကို စာရင်းကောက်ယူရေးအဖွဲ့ ဖွဲ့စည်းပြီး ပျက်စီးဆုံးရှုံးမှုများကို မှန်မှန်ကန်ကန်ကောက်ယူနိုင်မှသာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း။

အာဆီယံကပေးပို့မည့် လူသားချင်းစာနာမှုအကူအညီတချို့ ရောက်ရှိမည်

နိုင်ငံတကာအကူအညီအနေဖြင့် မြန်မာနိုင်ငံအပေါ် နှောင်ကြိုးမဲ့ဆောင်ရွက်ကူညီခဲ့မှုများရှိပါကြောင်း၊ ယခုလည်း အာဆီယံကပေးပို့မည့် လူသားချင်းစာနာမှု အကူအညီတချို့ ရောက်ရှိတော့မည်ဖြစ်ပြီး AHA Center မှ နိုင်ငံတွင်း ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (In-Country Liaison Team – ICLT) ကလည်း မြန်မာနိုင်ငံကိုလာရောက်ပြီး ဘေးအန္တရာယ်ဆိုင်ရာ သတင်းအချက် အလက်ထုတ်ပြန်ရေးနှင့် နိုင်ငံတကာအကူအညီများ တိုးတက်ရရှိရေးအတွက် ပူးပေါင်းကူညီဆောင်ရွက်မည်ဖြစ်ကြောင်း။

ယနေ့အစည်းအဝေးတွင် သက်ဆိုင်ရာလုပ်ငန်းကော်မတီများနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် ရေကြီးရေလျှံမှုဖြစ်စဉ်ကြောင့် ပျက်စီးဆုံးရှုံးမှုများအပေါ် လတ်တလောဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ ရှေ့ဆက်လက် ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ထိထိမိမိဆွေးနွေးကြရန်လိုကြောင်း ပြောကြားသည်။

မြေပြင်ကွင်းဆင်းစာရင်းကောက်ယူလျက်ရှိသည့် အခြေအနေများ ရှင်းလင်းတင်ပြ

ထို့နောက် ကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် ဒေါက်တာစိုးဝင်းတို့က ရာဂီမုန်တိုင်းဒဏ်ကြောင့် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၉ ခုတို့တွင် လူနှင့်တိရစ္ဆာန်များ သေဆုံးပျောက်ဆုံးခဲ့မှု အခြေအနေ၊ ရုံးဌာနအဆောက်အဦများ၊ ဆေးရုံ၊ စာသင်ကျောင်းများ၊ လူနေအိမ်များနှင့် လမ်းတံတားများ၊ ရာသီသီးနှံစိုက်ခင်းများ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့မှု အခြေအနေ၊ ပျက်စီး၊ သေဆုံးပျောက်ဆုံးမှုများနှင့်စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းကာ စာရင်းကောက်ယူလျက်ရှိသည့် အခြေအနေများ၊ ကယ်ဆယ်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းများဆောင်ရွက်နိုင်ရန် ပြင်ဆင်ထားရှိမှုအခြေ အနေများကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီးဦးစိုးကြည်က အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၊ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှုနှင့် ရန်ပုံငွေရရှိမှု၊ သုံးစွဲမှုနှင့်လက်ကျန်စာရင်းများကို ရှင်းလင်းတင်ပြသည်။

အလှူငွေများနှင့် ထောက်ပံ့ရေး ပစ္စည်းများကူညီပေးမည့် အစီအမံများ ဆွေးနွေးတင်ပြ

ဆက်လက်၍ ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် ပျက်စီးဆုံးရှုံးခဲ့မှုအခြေအနေများနှင့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများ၊ အလှူငွေများနှင့် ထောက်ပံ့ရေးပစ္စည်းများ သက်ဆိုင်ရာ ရေဘေးသင့်ပြည်သူများသို့ စနစ်တကျဖြန့်ခွဲထောက်ပံ့ပေးသွားမည့် ကိစ္စရပ်များ၊ ပျက်စီးဆုံးရှုံးခဲ့ရသည့် စိုက်ဧကများအတွက် ရာသီဥတုနှင့်ကိုက်ညီသည့်သီးနှံများ ပြန်လည်အစား ထိုးစိုက်ပျိုးနိုင်ရေးအတွက် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးသွားမည့် အစီအမံများ၊ သတင်းအချက်အလက်နှင့် နည်းပညာဖလှယ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် သဘာဝဘေးအန္တရာယ်များအား အရေးပေါ်တုံ့ပြန်နိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားမှု အခြေအနေများကို ဆွေးနွေးတင်ပြကြသည်။

ထို့နောက် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ထူးခြားမိုးလေဝသအခြေအနေ ဖြစ်ပွားခဲ့မှုနှင့်လာမည့် ၁၀ ရက်အတွင်းဖြစ်ပေါ်နိုင်သည့် မိုးလေဝသအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင်ဖြစ်ပေါ်ခဲ့သည့် အားကောင်းသောမုန်တိုင်းငယ်နှင့် တောင်တရုတ်ပင်လယ်တွင်ဖြစ်ပေါ်ခဲ့သော တိုင်ဖွန်းမုန်တိုင်းရာဂီ အရှိန်ကြောင့် စက်တင်ဘာ ၉ ရက်မှ ၁၅ ရက်အတွင်း ကချင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့မှအပ နေပြည်တော်ကောင်စီနယ်မြေနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရေကြီးရေလျှံခြင်း၊ မြေပြိုခြင်းများဖြစ်ပေါ်ခဲ့ရာ ထိခိုက်ပျက်စီးသေဆုံးမှု အနေဖြင့် စက်တင်ဘာ ၁၅ ရက် စာရင်း ဇယားများအရ နိုင်ငံအဝန်း၌ မြို့နယ် ၆၉ မြို့နယ်မှ လူနေအိမ် ၁၀၈၃ လုံး၊ ရုံးဌာန အဆောက်အဦ ၁၄၆ လုံး၊ စာသင်ကျောင်း ၁၀၂၃ ကျောင်း၊ ဘာသာရေးကျောင်း ၃၈၂ ကျောင်း၊ လမ်း/တံတားပျက်စီးမှု ၁၇၇ ခု၊ လျှပ်စစ်မီးတိုင် ၉၆၃ တိုင်၊ ဆက်သွယ်ရေးတိုင် ၈၂ တိုင် ထိခိုက်ပျက်စီးခဲ့ကာ သေဆုံးသူ ၁၇၂ ဦး၊ မျောပါပျောက်ဆုံးသူ ၃၈ ဦးရှိပြီး တိရစ္ဆာန်သေဆုံးမှုအနေဖြင့် ၁၀၅၃၈၈ ကောင်ရှိကြောင်း ကနဦးသိရှိရပြီး ရေဘေးသင့်ဒေသများသို့ လိုအပ်သည့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ (Disaster Management Committee)ဖွဲ့စည်းပြီး ၂၄ နာရီ အရေးပေါ်ရုံးခန်း ဖွင့်လှစ်ထားရှိကြောင်း သိရသည်။

သတင်းစဉ်