ဆောင်းရာသီကာလအတွင်းတွင် အအေးမိခြင်း၊ တုပ်ကွေးရောဂါဖြစ်ပွားခြင်း၊ လေပြွန်ရောင် ရမ်းခြင်း၊ ဓာတ်မတည့်မှုကြောင့် နှာရည်ယိုခြင်း၊ ချောင်းဆိုးခြင်း၊ ရင်ကျပ်ခြင်းနှင့် အဆုတ်ရောင်ရောဂါ စသည့်အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါများ အဖြစ်များလေ့ရှိပါသည်။
ရောဂါလက္ခဏာများ
အဓိကဖြစ်ပွားတတ်သောရောဂါလက္ခဏာများမှာ -
- ဖျားခြင်း (အပူချိန် ၃၈°C နှင့် အထက်ရှိခြင်း၊ ချောင်းဆိုးခြင်း၊လည်ချောင်းနာခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ အားအင်ကုန်ခန်းခြင်း၊ ချမ်းတုန်ခြင်း၊ ကိုယ်လက်ကိုက်ခဲနာ ကျင်ခြင်းတို့ ဖြစ်ကြပါသည်။
ရောဂါကူးစက်ပုံ
- ချောင်းဆိုးခြင်းနှင့်နှာချေခြင်းမှတစ်ဆင့် တုပ်ကွေးရောဂါ၊ ဗိုင်းရပ်စ်ပိုး (Influenza Virus) များ အပါအဝင် အခြားရောဂါပိုးများလေထဲသို့ ရောက်ရှိပြီး အသက်ရှူလမ်းကြောင်းမှ တစ်ဆင့် တိုက်ရိုက်ကူးစက် ပျံ့နှံ့စေခြင်းနှင့် အရာဝတ္ထုများ၌ ထိကပ်နေသောရောဂါပိုးများ အား လက်နှင့်ကိုင်တွယ် ထိတွေ့ရာမှတစ်ဆင့် ရောဂါကူးစက်နိုင်ပါသည်။
ရောဂါကာကွယ်ခြင်းနည်းလမ်းများနှင့်လိုက်နာဆောင်ရွက်ရန်အချက်များ
- နှာချေ၊ ချောင်းဆိုးလျှင် လက်ကိုင်ပဝါဖြင့် နှာခေါင်းနှင့် ပါးစပ်လုံခြုံအောင် ဖုံးအုပ်ခြင်း
- လက်ကိုဆပ်ပြာဖြင့် စင်ကြယ်စွာဆေးကြောခြင်း၊
- တစ်ကိုယ်ရေသန့်ရှင်းမှု ဂရုပြုဆောင်ရွက်ခြင်း၊
- ကောင်းစွာအိပ်စက်အနားယူခြင်း၊
- အာဟာရပြည့်ဝသည့် အစားအစာများ စားသုံးခြင်း၊
- ကိုယ်လက်လှုပ်ရှားမှု မှန်မှန်ပြုလုပ်ခြင်း။
အထက်ဖော်ပြပါ ရောဂါလက္ခဏာများ တွေ့ရှိသည်ဟု ယူဆပါက နီးစပ်ရာ ကျန်းမာရေးဝန်ထမ်း များထံ သတင်းပို့၍ ကုသမှုခံယူပါ၊ အထူးသဖြင့် ဘတ်စ်ကားစီးစဉ် အခြားသူများထံသို့ ရောဂါမကူးစက်စေရန် နှာခေါင်းနှင့်ပါးစပ် လုံခြုံအောင်ဖုံးအုပ်ထားသော မျက်နှာဖုံးအကာအကွယ် ကို အသုံးပြုပါ။ အလုပ်မှ အနားယူပါ၊ လူစုလူဝေးရှိရာအရပ်သို့ သွားရောက် ခြင်းအား ရှောင်ကြဉ်ပါ။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန