Skip to main content

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ရေကြီးနစ်မြုပ်မိုးစပါးစိုက်ခင်းများအား ယူရီးယား/သဘာဝမြေဩဇာများ ထောက်ပံ့၊ ယာယီရေဘေးကယ်ဆယ်ရေးစခန်းများရှိ အိမ်ထောင်စုများအား စားသောက်ကုန်များထောက်ပံ့

ဘားအံ စက်တင်ဘာ ၁၅

ကရင်ပြည်နယ်အတွင်း ဇူလိုင်လနှင့်ဩဂုတ်လအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စိုက်ပျိုးပြီး မိုးစပါးများ ရေကြီးနစ်မြုပ်မှုများဖြစ်ပွားခဲ့ရာ ယမန်နေ့နံနက် ၈ နာရီက ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ်၊ ကော့သင်းရှူးကျေးရွာတွင် ရေကြီးနစ်မြုပ်မိုးစပါးစိုက်ခင်းများအတွက် ယူရီးယား/သဘာဝမြေဩဇာများကို ထောက်ပံ့ပေးအပ်ပြီး မြေဩဇာစုပေါင်းကြဲပက်ခြင်းနှင့် ပိုးမွှားရောဂါ စုပေါင်းကာကွယ်နှိမ်နှင်းခြင်းတို့ကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ဦးစွာပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ကော့သင်းရှူးကျေးရွာနှင့်ပတ်ဝန်းကျင်ကျေးရွာများမှ မိုးစပါးစိုက်တောင်သူများနှင့်တွေ့ဆုံ၍ ကမ္ဘာနှင့်အဝှမ်း ရာသီဥတုပြောင်းလဲမှုများ ဖြစ်ပေါ်နေသည့်အတွက် ရေကြီးရေလွှမ်းခြင်း၊ မိုးခေါင်ရေရှားခြင်းစသည့် သဘာဝဘေးဒဏ်များကို ကြံ့ကြံ့ခံရင်ဆိုင်ပြီး စိုက်ပျိုးထားသည့်သီးနှံများ ပျက်စီးဆုံးရှုံးမှုမဖြစ်အောင် ကြိုးစားအားထုတ်ကြစေလိုကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း တောင်သူများ၏လိုအပ်ချက်များကိုရှေးရှုပြီး အဖက်ဖက်မှကူညီအားပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ကော့သင်းရှူးကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ မိုးစပါး စိုက်တောင်သူများအား ယူရီးယာဓါတ်မြေဩဇာ ၂၅ အိတ်နှင့် သဘာဝမြေဩဇာ ၂၅ အိတ်တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ယင်းနောက် ရေကြီးနစ်မြုပ်မိုးစပါးစိုက်ခင်းများအား မြေဩဇာများ စုပေါင်းကြဲပက်ခြင်းနှင့် ပိုးမွှားရောဂါ စုပေါင်းကာကွယ်နှိမ်နင်းခြင်းကို လက်တွေ့သရုပ်ပြသရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့၊ ဌာနဆိုင်ရာများ၊ ကော့သင်းရှူးကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ မိုးစပါးစိုက်တောင်သူများက ကြည့်ရှုအားပေးခဲ့ကြသည်။

ကရင်ပြည်နယ်အတွင်း မိုးစပါဧက(၄၂၇၃၂၉)ဧက စိုက်ပျိုးရန် လျာထားပြီး ဩဂုတ်လကုန်ထိ (၂၉၉၉၉၆)ဧက စိုက်ပျိုးပြီးဖြစ်ရာ ရေကြီးရေလျှံမှုဖြစ်စဉ်များကြောင့် စိုက်ပျိုးပြီး မိုးစပါး (၃၂၃၅၄)ဧက ရေလွှမ်းခံခဲ့ရပြီး စာရင်းများအရ (၂၄၃၆၆)ဧကထိခိုက်၍ (၁၃၁၄၆)ဧက ပျက်စီးခဲ့ကြောင်း၊ ပျက်စီးလယ်မြေများ ပြန်လည်စိုက်ပျိုးနိုင်ရန် ပြည်နယ်အစိုးရအဖွဲ့က မျိုးစပါး(၃၀၂၀)တင်း၊ ယူရီးယား(၇၅၀)အိတ်၊ ပိုတက်ရှ်(၅၀၀)အိတ်နှင့် ပိုးသတ်ဆေးဖျန်းပုံး (၁၀၀)ပုံးကို ဝယ်ယူစုဆောင်းခဲ့ပြီး တောင်သူများအား ထောက်ပံ့ပေးအပ်မှုများ ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

သံလွင်မြစ်ရေသည် ယနေ့နံနက်တိုင်းတာချက်များအရ ဘားအံမြို့၏စိုးရိမ်ရေမှတ် (၇၅၀)စင်တီ မီတာအထက် ၉၆၉ စင်တီမီတာသို့ စံချိန်တင်ကျော်လွန်ရောက်ရှိနေပြီး အနိမ့်ပိုင်း လူနေရပ်ကွက်အတွင်း ရေများဝင်ရောက်လာကာ ဆက်လက်နေထိုင်ရန် မသင့်တော်တော့သည့် အတွက် ရေဘေးကယ်ဆယ်ရေးစခန်းများဖွင့်လှစ်၍ ယာယီပြောင်းရွှေ့ နေထိုင်စေခဲ့ရာ ပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော် ယာယီရေဘေးကယ်ဆယ်ရေး စခန်းတွင် ယာယီပြောင်းရွှေ့နေထိုင်သော အိမ်ထောင်စု ၂၃၃ စု၊ လူဦးရေ ၁၁၈၆ ဦး၊ ဘားအံမြို့ မိုးလုံလေလုံအားကစားခန်းမ ယာယီကယ်ဆယ်ရေးစခန်းတွင် အိမ်ထောင်စု ၁၈၇ စု၊ လူဦးရေ ၈၀၃ ဦး၊ ဘားအံမြို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း ယာယီရေဘေးကယ်ဆယ်ရေးစခန်းရှိ အိမ်ထောင်စု ၃၂၂ စု၊ လူဦးရေ ၁၄၄၆ ဦးတို့အား သွားရောက်တွေ့ဆုံအားပေး စကားပြောကြားပြီး ဆန်၊ ဆီ၊ ကြက်ဥအစရှိသော စားသောက်ကုန် ပစ္စည်းများထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံ-လှိုင်းဘွဲကားလမ်းမကြီး၊ တံတားအမှတ် ၁/၄ ၊ မဲဘောင်တံတား၌ သံလွင်မြစ်ရေလျှံတက်မှုနှင့် တံတားကြံ့ခိုင်မှု အခြေအနေများကို ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)