နေပြည်တော် စက်တင်ဘာ ၁၄
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှမိုးသည် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း မိုးအဆက်မပြတ်ရွာသွန်းပြီး ရေကြီးရေလျှံမှုများကြောင့် ရေဘေးသင့်ခဲ့သည့် ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်ပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မိုးအဆက်မပြတ်ရွာသွန်းပြီး ဆင်သေချောင်းရုတ်တရက် ရေကြီးရေလျှံမှုကြောင့် ရေဘေးသင့်ခဲ့သည့် အေးမြင့်သာယာကျေးရွာသို့ ရောက်ရှိပြီး ကျေးရွာအတွင်း ရေကြီးနစ်မြုပ်ခဲ့သည့် စက်ရေတွင်းများ၊ လက်တူးတွင်းများကို တွင်းဆေးလေမှုတ်ဆောင်ရွက်ခြင်း၊ ကလိုရင်းဆေး ခတ်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုကိုလည်းကောင်း၊ ကျေးရွာတွင်းလမ်းများ သန့်ရှင်းရေးဆောင်ရွက်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက အများပိုင်အဆောက်အအုံများဖြစ်သည့် စာသင်ကျောင်း၊ ဆေးပေးခန်း၊ မူကြိုကျောင်း၊ Community Center များ အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေး လိုအပ်သည့် သန့်ရှင်းရေးလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်သွားရန်နှင့် လိုအပ်သည်များကို ဆွေးနွေးမှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မိုးအဆက်မပြတ်ရွာသွန်းပြီး ရုတ်တရက်ရေကြီးရေလျှံမှုကြောင့် ပုဗ္ဗသီရိမြို့နယ်ရှိ ကျည်တောင်ကန်- ဇီးကုန်း-လေသာ ကျေးရွာချင်း ဆက်လမ်းပေါ်ရှိ ဆင်သေ ချောင်းကူးတံတားမှ ဆင်သေချောင်းတစ်လျှောက် တံတား ကမ်းကပ်ခုံများ ပျက်စီးခြင်း၊ ချဉ်းကပ်လမ်းရေတိုက်စား၍ လမ်းတာပေါင် ပျက်စီးခြင်းများဖြစ်ပေါ်ခဲ့သဖြင့် လမ်းပန်းဆက်သွယ်မှုမပြတ်တောက်စေရေး ဘေလီတံတားထိုး၍ ပြင်ဆင်ဆောင်ရွက်နေမှုများကို သွား ရောက်ကြည့်ရှု စစ်ဆေးရာကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ကျည်တောင်ကန်-ဇီးကုန်း-လေသာ ကျေးရွာချင်း ဆက်လမ်းပေါ်ရှိ ဆင်သေချောင်း ကူးတံတားအပြင် ရေကြီးရေလျှံမှုများကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် အခြားတံတားများကို ယာယီတံတားများအမြန်ဆုံး ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ အများပြည်သူသွားလာရေးအဆင်ပြေစေရေးနှင့် လမ်းပန်းဆက်သွယ်မှုမပြတ်တောက်စေရေးအတွက် ရေကြီးရေလျှံမှုများလျော့ပါးသွားချိန်တွင် ပျက်စီးသွားသောတံတားများ ပြန်လည် ပြုပြင်တည်ဆောက်ရာတွင် ရေရှည်တည်တံ့ ခိုင်မြဲရေးနှင့်သဘာဝဘေးဒဏ်များခံနိုင်ရေးတို့အတွက် စနစ်တကျထည့်သွင်း တွက်ချက်ပြီး ပြန်လည်ပြင်ဆင်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ဆွေးနွေးမှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပုဗ္ဗသီရိမြို့နယ်ဝဲကြီး - ဝင်ပြန်ကျေးရွာချင်းဆက် လမ်းပေါ်ရှိ ဆင်သေချောင်းကူး တံတားပျက်စီးမှုကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး အများပြည်သူ သွားလာရေး အဆင်ပြေစေရေးနှင့် လတ်တလောလမ်းပန်းဆက်သွယ်ရေးများ ပြတ်တောက်မှုမရှိစေရေး၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အမြန်ဆုံး ဆောင်ရွက်သွားရန်ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်