Skip to main content

ဒုတိယဝန်ကြီး ဦးမြင့်စိုး သမဝါယမကောလိပ်(ဖောင်ကြီး)နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်တို့မှ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများနှင့်တွေ့ဆုံ

နေပြည်တော် စက်တင်ဘာ ၁၃

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် သမဝါယမကောလိပ်(ဖောင်ကြီး)၌ ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများနှင့်တွေ့ဆုံကာ စာပေသင်ကြားရေး၊ ဝန်ထမ်းသက်သာချောင်ချိရေးတို့နှင့်စပ်လျဉ်း၍ လိုအပ်သည်များမှာကြားပြီး ဆရာ ဆရာမများ၏ တင်ပြချက်များအပေါ် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် မင်္ဂလာဒုံမြို့နယ်အတွင်းရှိ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ယန္တရားအခြေစိုက်ရုံး(အောက်မြန်မာပြည်)၌ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနလေးခုမှ ဝန်ထမ်းများနှင့်တွေ့ဆုံကာ သမဝါယမဦးစီးဌာနနှင့် အသင်းစုချုပ်များအနေဖြင့် နွေစပါးစိုက်ပျိုးရာသီတွင် သမဝါယမအသင်းများက စိုက်ပျိုးထားသော စိုက်ဧကအားလုံးအတွက် မျိုးနှင့် သွင်းအားစုဓာတ်မြေဩဇာ၊ သဘာဝမြေဩဇာများ အချိန်မီကူညီပံ့ပိုးပေးရေးမှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ အောက်မြန်မာပြည်လုပ်ငန်းသုံး ယာဉ်၊ ယန္တရားများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်သို့ သွားရောက်ကာ ကျောင်းအုပ်ကြီး၊ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအောက်ရှိ သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းငါးကျောင်းတွင် ပြည်ထောင်စုစိတ်ဓာတ် ဘာသာရပ်သင်ကြားပေးမည်ဖြစ်၍ သင်ကြားမှုနည်းစနစ်များနှင့် လိုအပ်သည်များ မေးမြန်းဆွေးနွေးသည်။

ယင်းနောက် အဆိုပါဒီဂရီကောလိပ်၌ တက်ရောက်ပညာသင်ယူနေသော ဝန်ထမ်းသားသမီးများ၊ လေးမျက်နှာမြို့နယ်မှ ‌ကျောင်းသား ကျောင်းသူများ၊ ရခိုင်ပြည်နယ် မိုခါမုန်တိုင်းသင့်ကာလတွင် သွားရောက်ကူညီလုပ်ကိုင်ရင်း ကွယ်လွန်ခဲ့သည့် မြန်မာ့သစ်လုပ်ငန်းမှ လွှဝိုင်းဆရာ ဦးဇော်လတ်၏ သမီး ပထမနှစ်ကျောင်းသူ မချိုသဲဦးတို့နှင့်တွေ့ဆုံ၍ ရည်မှန်းချက်အောင်မြင်အောင် ကြိုးစားကြရန် တိုက်တွန်းမှာကြားပြီး ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်