Skip to main content

မြန်မာ့လယ်ယာထွက်ကုန်များ၏ ထောက်ပံ့ပို့ဆောင်မှုကွင်းဆက်စီမံခန့်ခွဲမှုစနစ်သင်တန်း ဆွေးနွေးပွဲကျင်းပ

နေပြည်တော် စက်တင်ဘာ ၁၃

မြန်မာ့လယ်ယာထွက်ကုန်များ၏ ထောက်ပံ့ပို့ဆောင်မှုကွင်းဆက် စီမံခန့်ခွဲမှုစနစ်သင်တန်းဆွေးနွေးပွဲ “Training Workshop on Agriculture Supply Chain Management System in Myanmar” ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက နေပြည်တော်ရုံးအမှတ်(၃) စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ အမျိုးသားအဆင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးကော်မတီဥက္ကဋ္ဌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်း၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနတာဝန်ရှိသူများ၊ သင်တန်းပို့ချမည့် ဆရာ ဆရာမများ၊ အဆင့်မြင့်အရာရှိများနှင့် သင်တန်းသား သင်တန်းသူ ၄၀ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က နိုင်ငံတကာမှ ဆောင်ရွက်လျက်ရှိသည့် လယ်ယာစိုက်ပျိုးရေးဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေး ကွင်းဆက်တစ်လျှောက် စီမံခန့်ခွဲမှုနည်းလမ်းများ၊ နည်းဗျူဟာများကို သိရှိစေရန်နှင့် ပြန်လည်အသုံးချနိုင်စေရန် ရည်ရွယ်ပြီး ယနေ့သင်တန်းကို ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးမင်းမင်းက Trade Facilitation Agreement တွင် အဖွဲ့ဝင်များအနေဖြင့် လိုက်ပါအကောင်အထည်ဖော်ဆောင်ရွက်ရမည့် အစီအမံများအနက် ထောက်ပံ့မှုကွင်းဆက်တစ်လျှောက် လွယ်ကူချောမွေ့မြန်ဆန်စေရန် Single Window အား အကောင်အထည်ဖော်ဆောင်ခြင်း၊ ကုန်စည်ရွေ့လျားခြင်းနှင့် အကောက်ခွန်ရှင်းလင်းခြင်း၊ ပုပ်သိုးလွယ်သော ကုန်စည်များအပါအဝင် ဆုံးရှုံးနိုင်ခြေရှိသည့် ကုန်စည်များအတွက် စီမံခန့်ခွဲခြင်း စသောအချက်များက ထောက်ပံ့မှုကွင်းဆက်တစ်လျှောက်လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် လွယ်ကူလျင်မြန် ချောမွေ့စေမည်ဖြစ်ကြောင်း ပြောကြားသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် အဆိုပါသင်တန်းတွင် လယ်ယာကဏ္ဍဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက် ဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်း၍ ဆက်စပ်ဌာနအဖွဲ့အစည်းများ သိရှိရမည့်အခြေခံစည်းမျဉ်းများ၊ နိုင်ငံတကာမှကျင့်သုံးသည့် အလေ့အထများနှင့် ထောက်ပံ့မှုကွင်းဆက်တစ်လျှောက် စီမံခန့်ခွဲသည့် မဟာဗျူဟာမြောက်နည်းလမ်းများကို စီမံကိန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန္တာကြည်၊ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဆန်းမြင့်နှင့် ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးညီညီအောင်တို့က ပို့ချဆွေးနွေးကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်