၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့သည် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ဖြစ်သည်။ ရှေးဦးပြုစုစောင့်ရှောက်ကူညီမှုနှင့်ကြက်ခြေနီတို့သည် အစဉ်အမြဲဒွန်တွဲနေသည်။ ရှေးဦးပြုစုခြင်းသည် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၏ ပင်မလုပ်ငန်းဖြစ်သလို ကြက်ခြေနီအသင်းများ၏ အမြုတေသို့မဟုတ် ကျောရိုးမဏ္ဍိုင်ဖြစ်သည်။ မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာရှိ ကြက်ခြေနီအသင်းများအားလုံး ဆောင်ရွက်ကြသည့်စီမံချက်များ၊ စီမံကိန်းများ၏ ကနဦးလုပ်ငန်းစဉ်ဖြစ်သည်။
ရှေးဦးပြုစုခြင်းအတတ်ပညာဆိုသည်မှာ အကြောင်းအမျိုးမျိုးကြောင့် ထိခိုက်ဒဏ်ရာရသူများ၊ နာမကျန်းဖြစ်သူများကို ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူများထံသို့ မရောက်ရှိမီထိခိုက်ဒဏ်ရာများ ပိုမိုမပြင်းထန်စေရေး၊ အမြန်ဆုံးပြန်လည်ကောင်းမွန်လာစေရေးအတွက် ရှေးဦးပြုစုခြင်းပြုလုပ်ပြီး ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာများသက်သာရာရရှိစေရန် ရှေးဦးဆောင်ရွက်သော အတတ်ပညာဖြစ်သည်။ ကြက်ခြေနီဆိုသည်မှာ ဒုက္ခတွေ့ကြုံနေသူများ၊ ဒဏ်ရာရလူနာများကို စေတနာ့ဝန်ထမ်းများအဖြစ် ပြုစုစောင့်ရှောက်ပေးသူများဖြစ်သည်။
ကြက်ခြေနီအသင်း၏ အဓိကရည်ရွယ်ချက်မှာ ရှေးဦးသူနာပြုစုသောနည်းလမ်းများဖြင့် လူသားတို့၏ အသက်အန္တရာယ်ကို ကာကွယ်စောင့်ရှောက်ပေးခြင်းဖြစ်သည်။ လူနာတစ်ဦးကိုတွေ့ရှိသောအခါ ဆေးရုံ၊ ဆေးခန်းများသို့ ချက်ချင်း သို့မဟုတ် အချိန်ပိုင်းအတွင်းမပို့ဆောင်နိုင်ပါက လူနာ၏အသက်အန္တရာယ်ကို အတတ်နိုင်ဆုံးသောနည်းလမ်းဖြင့် ကာကွယ်စောင့်ရှောက်ကယ်တင်ခြင်းဖြစ်သည်။ ရှေးဦးပြုစုအတတ်ပညာများကို တတ်မြောက်ထားလျှင် လူသားချင်းစာနာထောက်ထားမှုစံနမူနာဖြင့် အသက်အန္တရာယ်ကိုကာကွယ်ပေးနိုင်သည့်အပြင် ကိုယ်ခန္ဓာမသန်စွမ်းဖြစ်မှုများကိုလည်း ကာကွယ်ပေးနိုင်သည်။
ကြက်ခြေနီအသင်း၏ လုပ်ငန်းစဉ်များတွင် ဆင်းရဲဒုက္ခနည်းပါးသက်သာစေရန်၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)နှင့်ပူးပေါင်း၍ ခြေတု၊ လက်တုတပ်ဆင်ခြင်း၊ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သည့် အကူအညီများပေးခြင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ကြက်ခြေနီအသင်းခွဲများ တိုးတက်လာရေးဆောင်ရွက်ခြင်း၊ အရေးပေါ်လူနာတင်ယာဉ်များဖြင့် ကူညီဆောင်ရွက်ပေးခြင်းတို့ပါဝင်သည်။ ကြက်ခြေနီမောင်မယ်များသည် အရေးပေါ်ဖြစ်ပွားသောနေရာများသို့ ကွင်းဆင်း၍ ရှေးဦးသူနာပြုအတတ်ပညာများဖြင့် ဒဏ်ရာရလူနာများကို ပြုစုစောင့်ရှောက်ပေးကြသည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် ထိခိုက်ဒဏ်ရာရရှိသူများကို လူသားချင်းစာနာစိတ်အပြည့်ဖြင့် ရှေးဦးပြုစုခြင်းဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်ပေးရုံသာမက နိုင်ငံအတွင်း လူမှုကရုဏာဆိုင်ရာ အကူအညီလိုအပ်သူများအတွက် အကူအညီများပေးခြင်း၊ သဘာဝဘေးအန္တရာယ်အမျိုးမျိုးတွင် ကူညီဆောင်ရွက်ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ပေးခြင်း၊ စေတနာသွေးလှူရှင်လုပ်ငန်းများနှင့် အရေးပေါ်လူနာတင်ယာဉ် လုပ်ငန်းများတွင်လည်း ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့အပြင် ကိုဗစ်-၁၉ရောဂါ ကာကွယ်တားဆီးရေးလုပ်ငန်းများ၊ မိုခါမုန်တိုင်းကြိုတင်ပြင်ဆင် တုံ့ပြန်ခြင်းလုပ်ငန်းများတွင် စွမ်းစွမ်းတမံအသက်စွန့်ပြီး ဆောင်ရွက်ပေးခဲ့သည်။
မကြာမီက ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားခဲ့သည့်ကာလများတွင်လည်း ဖြစ်ပွားရာဒေသများတွင် ကာကွယ်တားဆီးရေးနှင့် တုံ့ပြန်ခြင်းလုပ်ငန်းများအဖြစ် ကြက်ခြေနီစေတနာရှင် လုပ်အားပေးများက ရပ်ရွာများအတွင်း အသိပညာများပေးခြင်း၊ လက်ကမ်းစာစောင်များဝေငှခြင်း၊ လူနာများအား ဆေးရုံဆေးပေးခန်းများသို့ ပို့ဆောင်ပေးခြင်း၊ ကလိုရင်းဆေးခတ်ရာတွင် ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ကူညီဆောင်ရွက်ပေးခြင်း၊ ဓာတ်ဆားထုပ်များနှင့် ကလိုရင်းဆေးမှုန့်များ ထောက်ပံ့ပေးခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြသည့်အပြင် ယခုကာလတွင် နိုင်ငံအချို့၌ဖြစ်ပေါ်နေသော မျောက်ကျောက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင်လည်း ပြည်သူလူထုအား ကူညီဆောင်ရွက်ပေးနေသည်ကို တွေ့ရသည်။
ကမ္ဘာတစ်ဝန်းရှိ အမျိုးသားကြက်ခြေနီနှင့် လခြမ်းနီအသင်းဝင်နိုင်ငံပေါင်း ၁၉၁ နိုင်ငံရှိပြီး နှစ်တစ်နှစ်၏ စက်တင်ဘာလ ဒုတိယပတ်၏(စနေနေ့)ကို ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အဖြစ်သတ်မှတ်ကာ နှစ်စဉ်နှစ်တိုင်း အထိမ်းအမှတ်အခမ်းအနားများကို မြန်မာနိုင်ငံအပါအဝင် နိုင်ငံအားလုံး၌ကျင်းပလျက်ရှိသည်။ မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်အခမ်းအနားကို ၂၀၀၃ ခုနှစ်မှစတင်၍ကျင်းပခဲ့ရာ ယခုနှစ်သည် (၂၂)ကြိမ်မြောက်ဖြစ်သည်။ ယခုနှစ် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ဆောင်ပုဒ်မှာ “အားကစားအတွက် အမြဲကူညီရှေးဦးပြုစုခြင်း အသင့်ရှိသည်” ကို ချမှတ်ထားရာ ရှေးဦးပြုစုခြင်းတွင် တိမ်မြုပ်နေသောကဏ္ဍတစ်ခုကို ထုတ်ဖော်လိုက်ခြင်းဖြစ်သည်။
သို့ဖြစ်ရာ ရှေးဦးပြုစုခြင်းသည် ကြက်ခြေနီအသင်း၏ အဓိကမဏ္ဍိုင် အနှစ်သာရဖြစ်သည်နှင့်အညီ မျက်မှောက်ကာလ အရေးပေါ်ကြုံတွေ့နေသောအခြေအနေများ၌ သဘာဝဘေးအန္တရာယ်အမျိုးမျိုးတို့အပြင် အားကစားကဏ္ဍတွင်ပါ ထိခိုက်ဒဏ်ရာ အနာတရဖြစ်ကြသူများ၊ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာနာကျင်မှုများနှင့် ကြုံတွေ့နေရသူများကို ကရုဏာ၊ မေတ္တာ၊ စာနာစိတ်ထားများဖြင့် ကူညီဖေးမဆောင်ရွက်ပေးလျက်ရှိပါကြောင်း။ ။