Skip to main content

ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနား ကျင်းပ

ရန်ကုန် ဇန်နဝါရီ ၁၉

ရွှေတောင်ဖောင်ဒေးရှင်းနှင့် Tokyu Construction Co, Ltd., တို့ ပူးပေါင်းဆောက်လုပ်လှူဒါန်းသည့် အခြေခံပညာ အထက်တန်းကျောင်း (မူလတန်းဆင့်) ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ကျွဲပွဲမြို့ရှိ အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည်။

ရှေးဦးစွာ ကျောင်းဆောင်သစ်ကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရွှေတောင် ဖောင်ဒေးရှင်းနှင့် International Business Promotion Centre  (IBPC) တို့မှ တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

ထို့နောက် ကျောင်းဆောင်သစ်ကမ္ပည်းမော်ကွန်း ကျောက်စာကို ပဲခူးတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေး၊ သံအမတ်ကြီးများ၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း၊ ရွှေတောင်ဖောင်ဒေးရှင်း နာယက ဦးအိုက်ထွန်းနှင့် Tokyu Construction Co, Ltd., Chief Representative Mr. Toshia- ki Kamenoi တို့က စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် တိုင်းဒေသကြီး လူမှုရေးဝန်ကြီးက အမှာစကားပြောကြားပြီး ရွှေတောင်ဖောင်ဒေးရှင်း နာယက က ကျောင်းဆောင်သစ်ဆောက်လုပ်လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားကာ Mr. Toshiaki Ka-menoi ၊ ညွှန်ကြားရေးမှူးချုပ်နှင့် အစ္စရေးနိုင်ငံသံအမတ်ကြီးတို့က ဝမ်းမြောက်စကား ပြောကြားကြသည်။

ထို့နောက် ကျောင်းဆောင်သစ်ကို ရွှေတောင်ဖောင်ဒေးရှင်း ဒုတိယဥက္ကဋ္ဌ ဦးအောင်သန်းနှင့် Mr. Toshiaki Ka-menoi တို့က ကျောင်းအုပ်ဆရာကြီး ဦးဝင်းနိုင်ထံ လွှဲပြောင်းပေးအပ်ပြီး တက်ရောက်လာကြသည့် သံအမတ်ကြီးများ၊ ရွှေတောင်ဖောင်ဒေးရှင်းနှင့် IBPC အဖွဲ့ဝင်များက ကျောင်းသုံးပစ္စည်းများနှင့် ကျောင်းရန်ပုံငွေများ ကို ပေးအပ်လှူဒါန်းကြရာ ကျောင်းအုပ်ဆရာကြီးနှင့် ရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

အဆိုပါကျောင်းဆောင်သည် ရွှေတောင်ဖောင်ဒေးရှင်းမှ ဆောက်လုပ်လှူဒါန်းသည့် ၁၁၂ ကျောင်း မြောက်ဖြစ်ပြီး စတုရန်းပေ ၁၈၀၀ ကျယ်ဝန်းကာ စာသင်ခန်းနှစ်ခန်း ပါဝင်သည်။

သတင်းစဉ်