ဇေယျာသီရိ စက်တင်ဘာ ၁၃
နေပြည်တော်ကောင်စီဝင် ဦးဟန်သူ ဇေယျာသီရိမြို့နယ် စည်ပင်ကြီးကျေးရွာ၊ ရွာသစ်ကြီးကျေးရွာနှင့် ညောင်ပင်ကြီးကျေးရွာများအတွင်း ဆင်သေချောင်းရေမြင့်တက်လာမှုကြောင့် နေအိမ်များအတွင်းပိတ်မိနေသည့် ပြည်သူများကို ကယ်ဆယ်ရေးဆောင်ရွက်နေမှုအား ယနေ့နံနက်ပိုင်းမှစတင်ကာ အနီးကပ်ကြီးကြပ်၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကြီးကြပ်ဆောင်ရွက်ရာတွင် နေပြည်တော်ကောင်စီဝင် ဦးဟန်သူ၊ ဇေယျာသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးကြည်နိုင်နှင့် ဦးမောင်မောင်ဦးတို့က ကြီးကြပ်ကယ်ဆယ်ပေးလျက်ရှိပြီး ကယ်ဆယ်ရေးဆောင်ရွက်ရာတွင် ရွာသစ်ကြီး ပရိယတ္တိစာသင်တိုက်၊ တိုက်အုပ်ဆရာတော် ဘဒ္ဒန္တနန္ဒိယ မထေရ်မြတ်နှင့် ရန်ကုန်မြို့မှ စံပြလူငယ်၊ လောကနတ်၊ ပိတောက်ပင်၊ မေတ္တာအလင်း၊ Medical လူငယ်များ၊ မေတ္တာညွန့်၊ အင်းစိန်အရန်၊ လောကဟိတာဝဟ၊ အားမာန်လူငယ်ပရဟိတ၊ ရှင်သန်ခြင်းပရဟိတ၊ ရွှေတိုင်လူမှုကူညီရေးအသင်း၊ ရန်ကုန်တိုင်းဒေသကြီး မြန်မာ Rescue အသင်း၊ ပြည်နယ်နှင့်တိုင်း EMS network channel မှအသင်းအဖွဲ့များက စည်ပင်ကြီးကျေးရွာအုပ်စု၊ စည်ပင်ကြီးကျေးရွာ၊ ရွာသစ်ကြီးကျေးရွာ၊ ချောင်းကမ်းကြီးကျေးရွာများမှ ဆင်သေချောင်းရေနှင့် ပေါင်းလောင်းမြစ်ရေမြင့်တက်လာမှုကြောင့် ပိတ်မိနေသည့်ပြည်သူ ၇၀၀ ဦးခန့်အား ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဟန်သူက ရွာသစ်ကြီးပရိယတ္တိစာသင်တိုက်ရှိ ရေဘေးရှောင်ပြည်သူများအား ကူးစက်ရောဂါများ မဖြစ်ပွားစေရေးအတွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပေါင်းစပ်၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးခဲ့ကာ ညနေပိုင်းတွင် ကျည်တောင်ကျေးရွာ၊ လှေခွင်းတောင်ခြေရှိ ကိုးကမ်းကြီးဓမ္မာရုံ ရေဘေးရှောင်စခန်းသို့ ရောက်ရှိပြီး ရေဘေးရှောင်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးနှင့် သောက်သုံးရေသန့်ရရှိရေး၊ အစားအသောက်များရရှိရေး စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)