Skip to main content

ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး လုပ်ငန်းအဖွဲ့အစည်းအဝေးကျင်းပ

နေပြည်တော် စက်တင်ဘာ ၁၂

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့၏ အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ ကျင်းပသည်။

အစည်းအဝေးသို့ လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အရာရှိကြီးများ၊ ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ဝင်များဖြစ်သည့် ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း၊ သစ်တောဦးစီးဌာန၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ဌာနကြီးများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက ၂၀၂၄ ခုနှစ် စက်တင်ဘာ ၃ ရက်မှ ၅ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟောင်ကောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ ကျင်းပပြုလုပ်ခဲ့သည့် အာရှ-ပစိဖိတ်ပူးတွဲအဖွဲ့ (Asia Pacific Joint Group- APJG) မျက်နှာချင်းဆိုင် အစည်းအဝေးနှင့် ကြိုတင်ညှိနှိုင်းအစည်းအဝေးများသို့ မြန်မာနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့မှုနှင့် အဆိုပါမျက်နှာချင်းဆိုင်အစည်းအဝေးတွင် မြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ တိုးတက်ဆောင်ရွက်မှုများကို ဆွေးနွေးခဲ့သည့် အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ လုပ်ငန်းအဖွဲ့၏ ဒုတိယဥက္ကဋ္ဌ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်းက Action Plan များအပေါ် ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်ရမည့် အချက်များနှင့် သက်ဆိုင်ရာဌာနများအကြား
ပူးပေါင်းဆောင်ရွက်ရမည့်အချက်များကို ရှင်းလင်းဆွေးနွေးသည်။

ယင်းနောက် လုပ်ငန်းအဖွဲ့ အတွင်းရေးမှူးက အကောင်အထည်ဖော်ရန်ကျန်ရှိသည့် လုပ်ငန်းများကို ရည်မှန်းချက်ပြည့်မီရေး ဆောင်ရွက်ရာတွင် တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာဌာနများက ဆောင်ရွက်ရန် လုပ်ငန်းတာဝန်များကိုလည်းကောင်း၊ လုပ်ငန်းအဖွဲ့ဝင်များက လက်ငင်းရလဒ်များဆိုင်ရာ ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သင့်သည့် အစီအစဉ်များကိုလည်းကောင်း ဖြည့်စွက်ဆွေးနွေးကြပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက အကောင်အထည်ဖော် ဆောင်ရွက်ရန်လုပ်ငန်းများကို ဌာနအလိုက် ကြိုးစားဆောင်ရွက်ပြီး လက်ငင်းရလဒ်များ အဆင့်တိုးမြှင့်ရရှိရေး ပူးပေါင်းဆောင်ရွက်ကြရန် မှာကြားသည်။

သတင်းစဉ်