Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း အမှတ်(၈) အထည်စက်ရုံခွဲ(ရမည်းသင်း)နှင့် အမှတ်(၈) အထည်စက်ရုံ(ပျော်ဘွယ်)တို့သို့ ကွင်းဆင်းကြည့်ရှုစစ်ဆေး

နေပြည်တော် စက်တင်ဘာ ၁၂

စက်မှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့ရှိ အမှတ် (၈) အထည်စက်ရုံခွဲ (ရမည်းသင်း) သို့ရောက်ရှိပြီး မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် စက်ရုံအတွင်းသို့ ရေဝင်ရောက်ခဲ့မှုအခြေအနေ၊ ကုန်ချော၊ ကုန်ကြမ်းပစ္စည်းများ ပျက်စီးမှုမရှိစေရေးဆောင်ရွက်ထားရှိမှု၊ ရေဝင်ရောက်မှုကြောင့် စက်ပစ္စည်းများ ပျက်စီးမှုမရှိစေရေးဆောင်ရွက်ထားရှိမှု၊ ကျန်းမာရေးဝန်ကြီးဌာနမှ မှာယူထားသည့် မွေ့ရာ၊ အိပ်ရာခင်း၊ ခေါင်းအုံးများချုပ်လုပ်နေမှု၊ ဝန်ကြီးဌာနများ၏ တူညီဝတ်စုံများချုပ်လုပ်နိုင်ရေးအတွက် ပိတ်များ ရက်လုပ်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

မှာကြား

ထိုသို့ကြည့်ရှုစဉ် ပြည်ထောင်စုဝန်ကြီးက သဘာဝဘေးအန္တရာယ် ဖြစ်ပွားနေစဉ်ကာလအတွင်း အရေးပေါ်ဆောင်ရွက်ရမည့်ကိစ္စရပ်များနှင့် သဘာဝဘေးအန္တရာယ်များဖြစ်ပွားပြီးနောက် ပြန်လည်ပြုပြင် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ကြိုတင်စုဖွဲ့စီမံဆောင်ရွက်ထားရမည်ဖြစ်ကြောင်း၊ စက်ရုံအတွင်း၌ ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရေးအတွက် ရေမြောင်းနှင့် ရေနုတ်မြောင်းများကို ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်ထားရမည်ဖြစ်ကြောင်း၊ စက်ရုံတာဝန်ရှိသူများအနေဖြင့် ဝန်ထမ်းများ၊ စာရွက်စာတမ်းများ၊ စက်ရုံပုံသေပိုင် ပစ္စည်းများဖြစ်သည့် ပရိဘောဂပစ္စည်းများ၊ အဆောက်အအုံများ၊ စက်ပစ္စည်းများပျက်စီးဆုံးရှုံးမှု မဖြစ်စေရေးအတွက် ဒေသ၌ဖြစ်ပေါ်နိုင်သည့် သဘာဝဘေးအန္တရာယ်များအတွက် ကြိုတင်မြော်တွေး၍ စီမံဆောင်ရွက်ထားရမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနများမှ အမှာစာဖြင့် မှာယူထားသည့် ပစ္စည်းများကို အချိန်မီထုတ်လုပ်ပေးနိုင်ရေး ကြိုးစား ဆောင်ရွက်ကြရန် မှာကြားသည်။

ကြည့်ရှုစစ်ဆေး

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပျော်ဘွယ်မြို့ရှိ အမှတ် (၈) အထည်စက်ရုံ (ပျော်ဘွယ်) သို့ရောက်ရှိပြီး စက်ရုံ၌တပ်ဆင်ထားရှိသည့် စက်ပစ္စည်းများအခြေအနေ၊ ကုန်ကြမ်း၊ ကုန်ချော သိုလှောင်ထားရှိမှုအခြေအနေတို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး စက်ရုံမှထုတ်လုပ်သော ချည်များ၏ အရည်အသွေး တိုးတက်ကောင်းမွန်စေရေးအတွက် ပြုပြင်လဲလှယ်တပ်ဆင်ရမည့် စက်ပစ္စည်းအစိတ် အပိုင်းများစာရင်းပြုစုထားရန်၊ စက်ရုံ၌ကျန်ရှိနေသည့် ကုန်ချောပစ္စည်းများကိုလည်း MSME လုပ်ငန်းရှင်များလက်ဝယ်သို့ လုပ်ထုံးလုပ်နည်းနှင့်အညီ ဖြန့်ဖြူးရောင်းချနိုင်ရေး စီမံဆောင်ရွက်ရန်၊ စက်ပစ္စည်းများ ပျက်စီးမှုမရှိစေရေး ကြိုတင်ကာကွယ် ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများကို သတ်မှတ်ထားသည့် လုပ်ငန်းစဉ်များနှင့်အညီ တိတိကျကျလိုက်နာဆောင်ရွက်ရန်၊ ယခုရက်ပိုင်းတွင် မိုးအဆက်မပြတ် ရွာသွန်းနေသည့်အတွက် စက်ရုံရှိ စက်ပစ္စည်းများ၊ ကုန်ကြမ်း၊ ကုန်ချောများ ပျက်စီးဆုံးရှုံးမှုမရှိစေရေး ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်များကို ပြည့်ပြည့်ဝဝဆောင်ရွက်ထားရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်