ရန်ကုန် စက်တင်ဘာ ၁၀
ရန်ကုန် တိုင်းဒေသကြီးအတွင်း ယမန်နှစ်ဆောင်းရာသီ၌ ဆီထွက်သီးနှံ ဧက ၈၀၀၀ ကျော် စိုက်ပျိုးခဲ့ပြီး ယခုနှစ် ဆောင်းရာသီတွင် ၁၉၈၇၂ ဧက စိုက်ပျိုးရန် လျာထားဆောင်ရွက်လျက်ရှိရာ နိုင်ငံတော်၏ လမ်းညွှန်မှုနှင့်အညီ တစ်နှစ်ထက်တစ်နှစ် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးသွားရန် ဆောင်ရွက်ရာ၌ ယခုနှစ်ဆောင်းရာသီတွင် နေကြာဆီထွက်သီးနှံအား လျာထားချက်ထက် ၁၀၉၆၉ ဧက တိုးချဲ့စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။
အဓိကထားစိုက်ပျိုးမည်
ဆီထွက်သီးနှံများကို ခရိုင်ခုနစ်ခုရှိ မြို့နယ်ပေါင်း ၁၄ မြို့နယ်တို့တွင် နေကြာ၊ မြေပဲနှင့်နှမ်းကို အဓိကထား စိုက်ပျိုးသွားမည်ဖြစ်သည်။
“တိုင်းဒေသကြီးရဲ့ရာသီဥတုနဲ့ စိုက်ပျိုးမြေအပေါ်မှာမူတည်ပြီး ဆီထွက်သီးနှံကို တိုးချဲ့စိုက်ပျိုးနေပါတယ်။ ဒေသနဲ့လိုက်လျောညီစွာ ဆီစားသုံးမှုဖူလုံအောင် တစ်နှစ်ထက်တစ်နှစ် တိုးချဲ့စိုက်ပျိုးဖို့ကြိုးပမ်းနေပါတယ်။ နေကြာကို စီမံချက်နဲ့အညီ ပထမဆုံး ၄၀၈၃ ဧကကျော် စိုက်ပျိုးခဲ့တာ လာမယ့်ဆောင်းရာသီဆိုရင် ၈၉၆၉ ဧက တိုးချဲ့စိုက်ပျိုးဖို့ လျာထားဆောင်ရွက်နေပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ဆီဖူလုံမှုက ၁ ဒသမ ၅၄ ပဲရှိပါသေးတယ်။ ဆီဖူလုံမှုရှိဖို့ တိုးချဲ့စိုက်ပျိုးပြီး ထုတ်လုပ်ရမယ့်သဘောပါ။ ဒါကြောင့် တစ်နှစ်ထက်တစ်နှစ်ရာသီအလိုက် တိုးချဲ့ဆောင်ရွက်ရာမှာ လာမယ့်ဆောင်းရာသီမှာ နေကြာစိုက်ဧက ပိုပြီးများလာမှာပါ”ဟု ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောင်ညွှန်ကြားရေးမှူး ဒေါ်လှကြည်ကပြောသည်။
လာမည့်ဆောင်းရာသီတွင် မြေပဲ ၃၇၉၉ ဧက၊ နှမ်း ၅၁၀၄ (ဆောင်း၊ နွေ) ဧကနှင့် နေကြာ ၁၀၉၆၉ ဧကတိုးချဲ့စိုက်ပျိုးသွားရန် လျာထားဆောင်ရွက်လျက်ရှိပြီး ဆီထွက်သီးနှံစိုက်ဧက စုစုပေါင်း ၁၉၈၇၂ ဧက စိုက်ပျိုးသွားမည်ဖြစ်သည်။ ဆောင်းဆီထွက်သီးနှံများ လျာထားချက်နှင့်အညီ အောင်မြင်ဖြစ်ထွန်းထွက်ရှိရန် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် စိုက်ပျိုးတောင်သူများအား နည်းပညာများ ဖြန့်ဝေပေးသွားမည်ဖြစ်ပြီး အခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များနည်းတူ နေကြာစီမံကိန်းတွင် တစ်နှစ်ထက်တစ်နှစ် တိုးချဲ့စိုက်ပျိုးလာလျက်ရှိရာ ယမန်နှစ်ဆောင်းရာသီ၌ နေကြာ ဧက ၄၀၀၀ ကျော်မှ ယခုနှစ်တွင် ၈၉၆၉ ဧက လျာထားခဲ့၍ ၁၀၉၆၉ ဧကအထိ တိုးချဲ့စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း စားသုံးဆီလိုအပ်မှုကို တစ်ဖက်တစ်လမ်းမှ ဖြည့်စွမ်းပေးသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။
ညိမ်းသူ-သတင်းစဉ်၊ ဓာတ်ပုံ - ကနူး