Skip to main content

တရားမဝင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ ဆိုင်ကယ်အပိုပစ္စည်းများနှင့် ယာဉ်များသိမ်းဆည်းရမိ

နေပြည်တော် စက်တင်ဘာ ၁၀

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၉ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ အေးရှားဝေါလ်ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ ကုန်သေတ္တာနှစ်လုံးအတွင်းမှ တရားဝင်စာရွက် စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၃၁၆၀၀၀၀) ကိုလည်းကောင်း၊ မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်း၌ မောတောင်မြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသောယာဉ်နှစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းလေးမျိုးနှင့် ဆိုင်ကယ်အပိုပစ္စည်းလေးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၅၇၃၅၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Tractor Head နှစ်စီးနှင့် နောက်တွဲယာဉ်နှစ်တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၀၀၀၀၀၀၀) ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၃၃၈၈၉၅၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သိမ်းဆည်းအရေးယူ

ထို့ပြင် စက်တင်ဘာ ၉ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရွှေပြည်သာမြို့နယ်၌ လိုင်စင်မဲ့ Toyota Alphard ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၅၀၀၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ တိုက်ကြီး မြို့နယ်၌ တရားမဝင်ကျွန်းသစ် သုညဒသမ ၄၄၄ တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၉၁၄၂၄)ကို သစ်တောဥပဒေအရလည်းကောင်း၊ ဒဂုံဆိပ်ကမ်း မြို့နယ် (၉၃) ရပ်ကွက် အရှေ့ပဲခူးမြစ်အတွင်း ကျောက်ချရပ်နားထားသည့် သဲတင်လှေတစ်စင်းပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း ၁၅ မျိုး၊ လုပ်ငန်းသုံးပစ္စည်း ၁၂ မျိုးနှင့် စားသောက်ကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၁၅၄၃၂၄၀) ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းများအရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၃၈၄၃၄၆၆၄ ကို သိမ်းဆည်းအရေးယူ ဆောင်ရွက်လျက်ရှိသည်။

စက်တင်ဘာ ၉ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ကျောက်ဆည်မြို့ မြို့ရှောင်လမ်း၌ တောင်ကြီးမြို့မှ မန္တလေးမြို့သို့မောင်းနှင်လာသော ယာဉ်နှစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း ၁၀ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၇၈၉၁၁၃၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Condor Truck နှစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၆၇၈၉၁၁၃၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ စက်တင်ဘာ ၁၀ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင်အတွင်း၌ တရားမဝင်ကျွန်းသစ် ၁ ဒသမ ၁၂၉ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၉၄၂၂၄) ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်၍ စက်တင်ဘာ ၉ ရက်နှင့် ၁၀ ရက်တို့တွင် ဖမ်းဆီးရမိမှုစုစုပေါင်းမှာ အမှုတွဲ ၁၃ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၄၆၂၁၅၀၁၈) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်