တာချီလိတ် စက်တင်ဘာ ၁၀
တာချီလိတ်မြို့၌ ယနေ့ နံနက် (၆) နာရီ တိုင်းတာချက်အရ မယ်ဆိုင်ချောင်းရေသည် စိုးရိမ်ရေမှတ်အထက် (၆၆) စင်တီမီတာသို့ ရောက်ရှိနေပြီး မိုးရေချိန်သည် (၂.၃၈) လက်မရှိကာ မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် မယ်ဆိုင်ချောင်းရေ ဆက်လက်မြင့်တက်လာနိုင်ကြောင်းနှင့် ဗိုလ်ချုပ်လမ်းမကြီးအပါအဝင် အနိမ့်ပိုင်းရပ်ကွက်များတွင် ရေကြီးရေလျှံမှုများ ဆက်လက်ဖြစ်ပေါ်နေကြောင်းသိရသည်။
စက်တင်ဘာ ၈ ရက်မှစ၍ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် မယ်ဆိုင်ချောင်းရေသည် စိုးရိမ်ရေမှတ် (၃၉၀) စင်တီမီတာသို့ ရောက်ရှိလာပြီး မိုးဆက်လက်ရွာသွန်းနေ၍ မယ်ဆိုင်ချောင်းရေ ဆက်လက်မြင့်တက်လာလျက်ရှိသဖြင့် သက်ဆိုင်ရာဌာနများက ရေဘေးအန္တရာယ်အသိပညာပေးလှည့်လည်နှိုးဆော်ခြင်း၊ ရေဘေးသင့်ပြည်သူများအတွက် အောင်မြတ်ခန်းမတွင် ကူညီကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားရှိပြီး ရေဘေးသင့်ပြည်သူများအား ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် အလှူရှင်များက ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ထမင်းထုပ်များ၊ ရေသန့်ဘူးများ လိုက်လံဝေငှပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)