Skip to main content

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖလား အမျိုးသားဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

နေပြည်တော် စက်တင်ဘာ ၉

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖလား အမျိုးသားဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း အေရုံ၌ ကျင်းပရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း၊ အမှုထမ်းများနှင့် ပြိုင်ပွဲဝင် ဘော်လီဘောအသင်းများ တက်ရောက်ကြသည်။

အားကစားစိတ်ဓာတ်အပြည့်ယှဉ်ပြိုင်

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယခုကဲ့သို့ ဝန်ကြီးဌာန၏ အမျိုးသားဘော်လီဘောပြိုင်ပွဲ ကျင်းပရခြင်းမှာ ဝန်ကြီးဌာနရှိ ဝန်ထမ်းများအားလုံး ကျန်းမာပျော်ရွှင်ပြီး ခင်ခင်မင်မင် ရင်းရင်းနှီးနှီးရှိစေရေး၊ တစ်သင်းနှင့် တစ်သင်း အားကစားစိတ်ဓာတ်အပြည့်ဖြင့် ယှဉ်ပြိုင်ခြင်းအပေါ် အစုအဖွဲ့စိတ်ဓာတ်ဖြင့် ပူးပေါင်းဆောင်ရွက်တတ်စေရေး၊ အားကစားလှုပ်ရှားမှုများကြောင့် ကိုယ်ကာယကြံ့ခိုင်မှု၊ စိတ်ဓာတ်ကြံ့ခိုင်မှုရှိစေရေး၊ ဝန်ကြီးဌာနအတွက် အင်အားတောင့်တင်းပြီး ခိုင်မာအားကောင်းသည့် ပြိုင်ပွဲဝင်ဘော်လီဘောအသင်းတစ်သင်း ဖြစ်ပေါ်လာပြီး အမျိုးသားအားကစားပွဲတော်တွင် ဝန်ကြီးဌာနကိုယ်စားပြုအသင်းအဖြစ် ပါဝင်ယှဉ်ပြိုင်နိုင်ရေးစသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း၊ ယခုပြိုင်ပွဲမှတစ်ဆင့် ဝန်ကြီးဌာနဂုဏ်ဆောင် ဘော်လီဘောအားကစားသမားများ ပေါ်ထွန်းလာပြီး နိုင်ငံတော်အဆင့်ကျင်းပမည့် အမျိုးသားအားကစားပွဲတော်ကြီး၌ ဝန်ကြီးဌာနကိုယ်စားပြု ဘော်လီဘောအသင်းအဖြစ် ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် ရည်မှန်းချက်ထားကာ အားကစားစိတ်ဓာတ်အပြည့်ဖြင့် ကြိုးစားယှဉ်ပြိုင်ကြရန် တိုက်တွန်းပြောကြားပြီး ပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။

ရင်းရင်းနှီးနှီးနှုတ်ဆက်

ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန် (၄) ချက်ကို ရွတ်ဆိုကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပြိုင်ပွဲဝင်အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးသည်။

ယင်းနောက် အဖွင့်ပွဲစဉ်အဖြစ် ဝန်ကြီးရုံး e-ID ကိုယ်စားပြုအသင်းနှင့် မန္တလေးတိုင်းဒေသကြီး ကိုယ်စားပြုအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး ပြိုင်ပွဲကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီးရုံး၊ ဦးစီးဌာနများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဦးစီးမှူးရုံးများမှ ပြိုင်ပွဲဝင်အသင်း (၈) သင်းဖြင့် အုပ်စု (၂) ခုခွဲကာ စက်တင်ဘာ ၉ ရက်မှ ၁၄ ရက်အထိ အုပ်စုပတ်လည်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်