နေပြည်တော် စက်တင်ဘာ ၉
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန် ထမ်းဆောင်နိုင်ရန်အတွက် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၅) တွင် ပါဝင်တက်ရောက်ကြမည့် အရည်အချင်းကိုက်ညီသူ နိုင်ငံ့သားကောင်းများသည် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်နယ်မြေများရှိ သင်တန်းကျောင်းအသီးသီးသို့ ရောက်ရှိ၍ လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ခဲ့ကြသည်။ ယနေ့နံနက်ပိုင်းတွင် အဆိုပါသင်တန်းကျောင်းအသီးသီး၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၅) သင်တန်းဖွင့်ပွဲများ ပြုလုပ်ကြသည်။ သင်တန်းဖွင့်ပွဲများတွင် သင်တန်းကျောင်းများအလိုက် ကျောင်းအုပ်ကြီးများက သင်တန်းဖွင့်အမှာစကားများ ပြောကြားကြသည်။
အဆိုပါသင်တန်းဖွင့်ပွဲများသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်၍ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၅) မှ သင်တန်းသားများအား တွေ့ဆုံကာ သင်တန်းသားများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ကြပြီး သင်တန်းသားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ကြသည်။
ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းစောင့်ရှောက်ရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိကြသဖြင့် ယင်းတာဝန်များကို ထမ်းဆောင်နိုင်ရေးအတွက် စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်၏ ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နိုင်ရန် ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်တွင် စတင်အာဏာတည်စေခဲ့ပြီး ပြည်သူ့စစ်မှုထမ်းသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးခဲ့သည်။ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁) ကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၈ ရက်မှစတင်၍ ဖွင့်လှစ်သင်ကြားပေးခဲ့ရာ ယခုအခါ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၅) ကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းဆင်းခဲ့သည့် ပြည်သူ့စစ်မှုထမ်း နိုင်ငံ့သားကောင်းများသည် တာဝန်ကျရာ တပ်ရင်း/ တပ်ဖွဲ့အသီးသီးတွင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ဦးလည်မသုန် ကျေပွန်စွာ ထမ်းဆောင်နေကြပြီ ဖြစ်သည်။
ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၅) မှ နိုင်ငံ့သားကောင်းလူငယ်များအဖြစ် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ဂုဏ်ယူစွာ ထမ်းဆောင်ရန် သင်တန်းတက်ရောက်ကြမည့် သင်တန်းသားများ၏ စကားသံများကိုလည်း ယခုလို ကြားသိရသည်။
‘‘ ကျွန်တော် အမှတ်စဉ် (၅) မှာ တက်ရတဲ့အကြောင်းရင်းက ကျွန်တော့်မှာ ရည်ရွယ်ချက်တွေ အများကြီးရှိပါတယ်၊ နိုင်ငံကို ကာကွယ်ဖို့အတွက်၊ ကျွန်တော့်လူမျိုးဘာသာသာသနာကို ကာကွယ်ဖို့အတွက် ဝင်ရခြင်းဖြစ်ပါတယ်၊ အရပ်သားဘဝနဲ့ စစ်သားဘဝ အများကြီးကွာခြားပါတယ်၊ ကျွန်တော် ငယ်ငယ်ကတည်းက စစ်သားသိပ်ဖြစ်ချင်တာ၊ ဖြစ်ခွင့်ရမယ်လို့ ထင်မထားခဲ့ပါဘူး။ အခုလိုမျိုးမမျှော်လင့်ဘဲ ဒီလိုစစ်မှုထမ်းရတဲ့အတွက်ကြောင့် ကျွန်တော်အလွန်ပဲဝမ်းသာပါတယ်၊ စစ်မှုမထမ်းရသေးတဲ့ လူငယ်တွေကိုလည်း စစ်မှုထမ်းစေချင်ပါတယ်၊ ကိုယ့်လူမျိုး ကိုယ့်နိုင်ငံအတွက် ကာကွယ်ဖို့အတွက်ပါ၊ သူငယ်ချင်းတွေကိုလည်း စစ်မှုထမ်းဖို့အတွက် ကျွန်တော် ဖိတ်ခေါ်ပါတယ်။
‘‘ ကျွန်တော်ကတော့ ဒုတိယနှစ် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်ကပါ၊ နိုင်ငံသားတိုင်း ထမ်းဆောင်သင့်တဲ့ ပြည်သူ့စစ်မှုထမ်းဖို့၊ နိုင်ငံတော်ကာကွယ်ဖို့ နိုင်ငံသားတစ်ယောက်အနေနဲ့ ကျေပွန်အောင် ထမ်းဆောင်ချင်လို့ ဒီသင်တန်းကို တက်ရောက်ခဲ့ပါတယ်။ အားကြိုးမာန်တက် လေ့ကျင့်ကြိုးစားနေတဲ့ အစ်ကိုကြီးတွေကို ကြည့်ပြီးတော့ ကြိုးစားချင်စိတ်တွေ ဖြစ်ပေါ်လာပါတယ်၊ ကျွန်တော်လည်း ကြိုးစားသွားမှာပါ။
‘‘ဒီသင်တန်းကို လာရောက်တက်ရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ နိုင်ငံသားတာဝန် ထမ်းဆောင်သင့်တဲ့ ပြည်သူ့စစ်မှုထမ်းတာဝန်ကို ကိုယ်တိုင်လည်း ထမ်းဆောင်လိုစိတ်ရှိတဲ့အတွက် လာရောက်တက်ခြင်းဖြစ်ပါတယ်’’။
သတင်းစဉ်