Skip to main content

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော် ၂ဝ၂၄ ခုနှစ် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အခမ်းအနားတက်ရောက်

နေပြည်တော် စက်တင်ဘာ ၈

ပြည်ထောင်စုနယ်မြေ နေပြည်တော် ၂၀၂၄ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် ဇမ္ဗူသီရိမြို့နယ် အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်း ပညာဗိမာန်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာများ၊ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် ပညာရေးမှူးများ၊ ကျောင်းအုပ် ဆရာကြီး ဆရာမကြီးများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

သဝဏ်လွှာကိုဖတ်ကြား

ဦးစွာ ဇမ္ဗူသီရိမြို့နယ် အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက “စေတနာပန်းတို့လန်းရာမြေ” တေးသီချင်းဖြင့် ဂုဏ်ပြုသီဆိုပြီး အခမ်းအနားကိုဖွင့်လှစ်ပေး၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌက အမှာစကားပြောကြားကာ နေပြည်တော်ပညာရေးမှူးရုံး ညွှန်ကြားရေးမှူး ဒေါက်တာကျော်လွင်က ၂၀၂၄ ခုနှစ် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့အခမ်းအနားသို့ ပေးပို့သည့် ယူနက်စကို ညွှန်ကြားရေးမှူးချုပ်၏ သဝဏ်လွှာကို ဖတ်ကြားသည်။

ဂုဏ်ပြုသီဆိုဖျော်ဖြေ

ထို့နောက် ၂၀၂၄ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် (VIDEO CLIP) ပြသပြီး အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက “စာတတ်မြောက်ရေးဝိုင်းကူပေး” တေးသီချင်းကို ဂုဏ်ပြုသီဆို ဖျော်ဖြေကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

သန့်ရှင်းရေးဆောင်ရွက်နေမှုကြည့်ရှုစစ်ဆေး

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ဇမ္ဗူသီရိမြို့နယ် ဝဏ္ဏသိဒ္ဓိရပ်ကွက် လှကလျာလမ်း၊ ဇေယျာအောင်မြင်လမ်း၊ ဇေယျာအောင်မြေလမ်းနှင့် လှထိပ်ခေါင်လမ်းဆုံတို့၌ လမ်းဘေးဝဲယာ သန့်ရှင်းရေးဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

လိုအပ်သည်များမှာကြား

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် နေပြည်တော်သံဝေဇနိယလေးဌာန (ဖွား၊ ပွင့်၊ ဟော၊ စံ)၊ မဟာဗောဓိစေတီတော် ပရိဝုဏ်အတွင်းရှိ ခေါင်းလောင်းများ ရောင်တော်ဖွင့်လှစ်နေမှု၊ ဘုရားရင်ပြင်တော် သန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်နေမှုနှင့် ဖွားစေတီတော်နှင့် ဟောစေတီတော်သွားရာ လမ်းဘေးဝဲယာတစ်လျှောက်မြက်ချုံများ ရှင်းလင်းနေမှု၊ မိုးသည်းထန်စွာရွာသွန်းချိန်တွင် ဇဝနသိဒ္ဓိရပ်ကွက်၊ နှင်းဆီလမ်းအနီးတစ်ဝိုက်နှင့် ရတနာသိဒ္ဓိရပ်ကွက် ရေတာရှည်လမ်းတို့တွင် ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေး ဆောင်ရွက်နေမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်