Skip to main content

ကုလားတန်မြစ်ကူးတံတား (ပလက်၀) မတ်လကုန်တွင် ပြီးစီးရန်လျာထား

ပလက်၀ ဇန်နဝါရီ ၁၉

ချင်းပြည်နယ် ပလက်၀မြို့နယ် ပလက်၀-မတူပီလမ်းပေါ်ရှိ ကုလားတန် မြစ်ကူးတံတား (ပလက်၀) ကို ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားတည်ဆောက်ရေးအဖွဲ့ (၁) မှ တည်ဆောက်လျက်ရှိရာ မတ်လကုန်တွင် တည်ဆောက် ပြီးစီးရန် လျာထားကြောင်း သိရသည်။

ယခုအချိန်တွင် ဒေသခံပြည်သူများသည် ဤတံတားမပြီးစီးသေးသဖြင့် လမ်းပိုင်းနှစ်သွယ်ကို အသုံးပြုသွားလာရာတွင် ကင်ချောင်းဝအထိသာ သွားလာနိုင်ပြီး ကင်ချောင်းဝမှ ပလက်၀မြို့ကို ပဲ့ထောင်စက်လှေဖြင့် စုန်ဆန်ပြေးဆွဲပေးနေရသည်။ ကင်ဝရပ်ကွက်ရှိ လောင်းကဒူး-ပလက်၀ခရီးနှစ်မိုင်ကို ကုလားတန်မြစ်ကူး၍ သွားလာနိုင်ရန် အဆိုပါမြစ်ကူးတံတားကို တည်ဆောက်ပေးနေခြင်းဖြစ်သည်။

အဆိုပါမြစ်ကူးတံတားကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှစ၍ ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပင်မတံတားအရှည် ၅၉၂ မီတာ (၁၉၄၂ ပေ) နှင့် အကျယ် ၇ ဒသမ ၅ မီတာ၊ ဘေးတစ်ဖက်စီတွင် လူသွားလမ်း တစ်မီတာစီပါရှိကာ သံကူကွန်ကရစ်ဘိုးပိုင်အမျိုးအစား၊ တံတားအောက်ထည် သံကူကွန်ကရစ်နှင့် တံတားအပေါ်ပိုင်း သံမဏိသံပေါင်၊ သံကူ ကွန်ကရစ်ကြမ်းခင်းအမျိုးအစားဖြစ်သည်။ တံတားရေလမ်းကင်းလွတ် အကျယ် ၁၁၅ ဒသမ ၄ မီတာနှင့် ရေလမ်းကင်းလွတ် အမြင့် ၁၅ မီတာ ဖြစ်သည်။

လက်ရှိအချိန်တွင် တံတား၏ သံပေါင်တပ်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး တည်ဆောက်မှုပြီးစီးပါက ပလက်၀မြို့အထိ တိုက်ရိုက်အသုံးပြု သွားလာနိုင်မည် ဖြစ်သလို ကုန်စည်စီးဆင်းမှု လွယ်ကူလျင်မြန်ကာ ဒေသခံ ပြည်သူတို့၏ လူမှုရေး၊ စီးပွားရေးတို့လည်း မြင့်မားလာမည်ဖြစ်ရာ တံတား ပြီးစီး ဖွင့်လှစ်အသုံးပြုသွားလာ နိုင်မည့်နေ့ကို ဒေသခံပြည်သူများက ကြိုဆို စောင့်စားလျက်ရှိကြောင်း သိရသည်။

 

မောင်မောင်ကျော့ (ပလက်၀)