ရန်ကုန် ဇန်နဝါရီ ၁၉
အာရှနှင့် မြန်မာနိုင်ငံ၏ ပထမဆုံး ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ (၁၁၁) နှစ်မြောက် မွေးနေ့အထိမ်းအမှတ် အောက်မေ့ဖွယ်အခမ်းအနားကို ရန်ကုန်မြို့က ကမာရွတ်မြို့နယ် အင်းလျားလမ်းရှိ ဦးသန့်နေအိမ်တွင် ဇန်နဝါရီ ၁၈ ရက် ညနေ ၃ နာရီခွဲ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ဦးသန့်နေအိမ်အဖွဲ့ ဥက္ကဋ္ဌနှင့် ဦးသန့် ၏မြေး ဖြစ်သူ ဒေါက်တာသန့်မြင့်ဦးက ဦးသန့် အောက်မေ့ဖွယ်အထိမ်းအမှတ် စာတမ်းကို ဖတ်ကြားသည်။ ဆက်လက်၍ ငါးနှစ်တာအတွင်း ဦးသန့်နေအိမ်ကို ပြတိုက်အဖြစ် စတင်တည်ထောင်ခဲ့ပြီး ပညာရေးနှင့် ဆွေးနွေးရေးစင်တာအဖြစ် အသွင်ပြောင်းခဲ့ကြောင်း၊ ပညာရေးစီမံချက်ဖြင့် ကျောင်းသား လူငယ်ပေါင်း ၄၀၀၀ ကျော် လာရောက် လေ့လာခဲ့ကြောင်း၊ ကမ္ဘာ့နိုင်ငံရေးကဏ္ဍမှ ကျော်ကြားသူများကို ဖိတ်ကြားပြီး ဆွေးနွေးပွဲများလည်း ကျင်းပပေးနိုင်ခဲ့ကြောင်းနှင့် ဦးသန့်နေအိမ်သည် မြန်မာနိုင်ငံ အခြေစိုက်အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခု ဖြစ်ပြီး Trip Advisor ဝက်ဘ်ဆိုက်တွင် ခရီးသွား ဧည့်သည်များအကြား ဒုတိယရေပန်းအစားဆုံး ပြတိုက်ဖြစ်ပြီး ဦးသန့် အောက်မေ့ဖွယ် အထိမ်းအမှတ်ပွဲအား ငါးကြိမ်မြောက်အဖြစ် ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဦးသန့်အောက်မေ့ဖွယ် အထိမ်းအမှတ်အဖြစ် ပြသထားသည့် အမှတ်တရပစ္စည်းများကို တိုင်းဒေသကြီးဝန်ကြီးချုပ်က ကြည့်ရှုအားပေးခဲ့သည်။ အထိမ်းအမှတ် ပွဲသို့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းနှင့် မြန်မာနိုင်ငံဆိုင်ရာနိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများမှ မြန်မာဌာနေ ကိုယ်စားလှယ်များ၊ အထူးဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဆန်းကျော်ဦး (ပြန် /ဆက်)