Skip to main content

အိန္ဒိယနိုင်ငံ၊ National Defence College သင်တန်းသားများ မြန်မာနိုင်ငံရှိ အထင်ကရ နေရာများသို့ လေ့လာရေးခရီးစဉ်အဖြစ် လာရောက်လေ့လာ

နေပြည်တော် စက်တင်ဘာ ၅

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ National Defence College မှ အကြီးတန်းနည်းပြအရာရှိ(Senior Directing Staff)ဖြစ်သူ Major General Ajay Kumar Singh, AVSM, SM ဦးဆောင်သော သင်တန်းသားများသည် လေ့လာရေးခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ စက်တင်ဘာလ ၁ ရက်တွင် ရောက်ရှိခဲ့ကြသည်။

အဆိုပါ သင်တန်းသားများသည် မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညိုခြင်း၊ ဗိုလ်ချုပ်အောင်ဆန်းဈေးသို့ သွားရောက်လေ့လာလည်ပတ်ခြင်း၊ သူရဲကောင်းဗိမာန် (နေပြည်တော်) သို့ သွားရောက်ဂါရဝပြုလေ့လာခြင်း၊ တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်) နှင့် မြန်မာ့ကျောက်မျက်ရတနာပြတိုက် (နေပြည်တော်) သို့ သွားရောက်လေ့လာခြင်းများ ဆောင်ရွက်ကြသည်။

ထို့ပြင် အိန္ဒိယနိုင်ငံ၊ National Defence College သင်တန်းသားများသည် စက်တင်ဘာ ၃ ရက် နံနက်ပိုင်းတွင် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်သို့ သွားရောက်လေ့လာကြရာ တာဝန်ရှိသူများက တက္ကသိုလ်၏ သမိုင်းကြောင်းအား ရှင်းလင်းပြသသည်။ ထို့နောက် အဆိုပါ လေ့လာရေးအဖွဲ့သည် ကျောင်းစာကြည့်တိုက်နှင့် ကျောင်းသမိုင်းပြတိုက်တို့အား လေ့လာကြည့်ရှုကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။

အဆိုပါလေ့လာရေးအဖွဲ့သည် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုလေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။ ထို့နောက် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညိုကြပြီး အလှူငွေများပေးအပ်လှူဒါန်းကြကာ ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးခဲ့ကြသည်။

အိန္ဒိယနိုင်ငံ၊ National Defence College မှ လေ့လာရေးအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အိန္ဒိယနိုင်ငံသို့ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာသွားကြောင်း သတင်းရရှိသည်။