နေပြည်တော် စက်တင်ဘာ ၄
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်နှင့် ဆီဆိုင်မြို့နယ်များအတွင်း ဒေသကောင်းစားရေးဟုသုံးနှုန်း၍ အမှန်တကယ်တွင် အဖျက်အမှောင့်လုပ်ရပ်များကိုသာ စဉ်ဆက်မပြတ်လုပ်ဆောင်လျက်ရှိသည့် PNLO အဖွဲ့၊ KNDF အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများသည် ဒေသခံတိုင်းရင်းသားပြည်သူများနေထိုင်ရာ မြို့၊ ရွာ၊ ရပ်ကွက်များတွင် တိုက်ပွဲများဖော်ဆောင်ခြင်း၊ သာသနိကအဆောက်အဦများနှင့် စာသင်ကျောင်းများအတွင်းသို့ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း စသည့်အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသည်။
ထိုသို့ထိခိုက်ပျက်စီးခဲ့ရသည့် ဆီဆိုင်ဒေသတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်အခြေအနေများအား ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ခရီးစဉ်တွင်လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူတို့လိုက်ပါ၍ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် တောင်ကြီး-ဟိုပုံး-ဆီဆိုင်ကားလမ်းအတိုင်း မော်တော်ယာဉ်များဖြင့်ထွက်ခွာခဲ့ပြီး ရှမ်းတိုင်းရင်းသားများနှင့် ပအိုဝ်းတိုင်းရင်းသားအများစု အေးချမ်းစွာသွားလာနေထိုင်ပြီး လုပ်ငန်းဆောင်ရွက်နေမှုများ၊ ဒေသတွင်းစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် အောင်မြင်ဖြစ်ထွန်းမှုများကို ကြည့်ရှုသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့သို့ရောက်ရှိရာ အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် ဆီဆိုင်မြို့မဈေးအား အသစ်ပြန်လည်တည်ဆောက်သွားမည့်အခြေအနေများကို ပြည်နယ်ဝန်ကြီးချုပ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံခန့်ခွဲရေးဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အသစ်ပြန်လည်ဆောင်ရွက်မည့်မြို့မ ဈေးအား ခေတ်နှင့်လျော်ညီသည့် အဆင့်မြင့်ဈေးပုံစံဖြစ်စေရေး၊ ဆိုင်ခန်းများ သင့်တင့်သည့်အကျယ်အဝန်းဖြစ်စေရေး ဆောင်ရွက်သွားရန်၊ ရေ၊ မီး စနစ်များ၊ ယာဉ်ရပ်နားရန်နေရာများမှအစ စနစ်တကျတွက်ချက်၍ ထည့်သွင်းစဉ်းစားဆောင်ရွက်သွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို မှာကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ဆီဆိုင်မြို့၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ဝန်ထမ်းအငှားအိမ်ရာသို့ရောက်ရှိကြရာ အကြမ်းဖက်သမားများ၏ အဖျက်အမှောင့်လုပ်ရပ်များကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုများနှင့် ပြန်လည်ပြင်ဆင်ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည်များမှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ဇဝနရာမကျောင်းတိုက်သို့ရောက်ရှိကြပြီး လက်ထောက်ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တပညာသီလနှင့် သံဃာတော်များအား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ဆီဆိုင်မြို့မှဌာနဆိုင်ရာတာဝန်ရှိသူများ၊ နယ်မြေခံတပ်မတော်သားများနှင့် မိသားစုဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များ၊ မြို့မိမြို့ဖများနှင့် တာဝန်ရှိသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် ရေခံမြေခံကောင်းကို ပိုင်ဆိုင်ထားသည့်ဒေသဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်ရေးကို အောင်မြင်စွာဆောင်ရွက်နိုင်မည့် အလားအလာကောင်းများကို ပိုင်ဆိုင်ထားသည့် ဒေသတစ်ခုလည်းဖြစ်ကြောင်း၊ သို့သော်လည်း အစဉ်အဆက်တည်ငြိမ်အေးချမ်း၍ ရိုးသား အေးချမ်းစွာနေထိုင်ခဲ့သော ပအိုဝ့်တိုင်းရင်းသားတို့၏ ဆီဆိုင်ဒေသသည် PNLO အကြမ်းဖက်အဖွဲ့၏ အခွင့်အလမ်းတစ်ခုကိုမျှော်မှန်းပြီးဆောင်ရွက်သည့် မိုက်မဲသည့်အကြမ်းဖက်လုပ်ရပ်ကြောင့် ယခုကဲ့သို့ ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ရကြောင်း၊ ဒေသတစ်ခု၊ နိုင်ငံတစ်ခုဖွံ့ဖြိုးတိုးတက်ရန်အတွက်မှာ ရပ်တန့်နေ၍မရဘဲ ရှေ့သို့အစဉ်အဆက် ဆက်လက်လှမ်းချီနေရမည်၊ အလုပ်လုပ်နေရမည်ဖြစ်ကြောင်း၊ ရပ်တန့်နေပါက မိမိတို့အနေဖြင့် နောက်တွင်ကျန်နေခဲ့မည်ဖြစ်ကြောင်း၊ ယခုကဲ့သို့သော အကြမ်းဖက်လုပ်ရပ်များကြောင့် ပျက်စီးခဲ့ရသည်များကို ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေရခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်မှုများနှောင့်နှေးကြန့်ကြာနေရကြောင်း၊ ဒေသ၏တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်သည်မှာ ဒေသခံများသာဖြစ်သကဲ့သို့ ဒေသ၏မတည်ငြိမ်မှုများနှင့် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျအောင် ဆောင်ရွက်သည်မှာလည်း ဒေသခံများပင်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် ဒေသခံပြည်သူများအနေဖြင့် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဒေသတွင်တာဝန်ထမ်းဆောင်လျက်ရှိသည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များဖြင့် အတူတကွ ဝိုင်းဝန်းဖော်ဆောင်ကြရမည်ဖြစ်ကြောင်း၊ ဒေသ၏အကျိုးကို အမြင်ကျယ်ကျယ်ဖြင့်ကြည့်၍ အသိဉာဏ်ပွင့်လင်းပြီး အပြုသဘောဆောင်သည့် လုပ်ဆောင်မှုများဖြင့် ဖော်ဆောင်ကြရန်လိုကြောင်း။
ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့်လည်း မိမိတို့တာဝန်ထမ်းဆောင်နေရသည့် ဒေသ၏ပညာရေး၊ ကျန်းမာရေးအပါအဝင် လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ပေးရန်လိုကြောင်း၊ အသိပညာ၊ အတတ်ပညာများ ဖွံ့ဖြိုးတိုးတက်မှသာလျင် ဒေသဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် ဒေသခံများ ပညာရေးကိုအားပေးကြစေရေးဆောင်ရွက်ပေးရမည်ဖြစ်ပြီး ဒေသ၏အနာဂတ်ကောင်းမွန် အောင်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် ဆီဆိုင်မြို့အပါအဝင် ပတ်ဝန်းကျင်ရှိ ကျေးရွာများ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား နိုင်ငံတော်အစိုးရနှင့် တပ်မတော်မှတတ်စွမ်းသ၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ဒေသခံပြည်သူလူထုတို့မှလည်း ဝိုင်းဝန်းပါဝင် ဆောင်ရွက်ကြရန်လိုကြောင်း၊ ရှေ့သို့မတိုးနိုင်ဘဲ ရပ်တန့်နေခြင်းသည် ဒေသနှင့်နိုင်ငံတော်အတွက်ဆုံးရှုံးမှုပင်ဖြစ်သဖြင့် မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးကို ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နယ်မြေခံတပ်မတော်သားများနှင့် မိသားစုဝင်များ၊ ဒေသခံပြည်သူများ၊ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ရေးပစ္စည်းများကိုပေးအပ်ရာ ကိုယ်စားလှယ်များက အသီးသီးလက်ခံရယူကြသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ဆီဆိုင်မြို့မှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နယ်မြေခံတပ်မတော်သားများနှင့် မိသားစုဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များ၊ မြို့မိမြို့ဖများနှင့် တာဝန်ရှိသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့သည် ပင်လယ်ရေမျက်နှာပြင် အထက် ၃၃၁၀ ပေတွင်တည်ရှိပြီး မြောက်ဘက်တွင် ဟိုပုံးမြို့နယ်၊ အရှေ့ဘက်တွင် မောက်မယ်မြို့နယ်၊ တောင်ဘက်တွင်ကယားပြည်နယ်၊ အနောက်ဘက်တွင်ဖယ်ခုံမြို့နယ်၊ ညောင်ရွှေမြို့နယ်၊ တောင်ကြီးမြို့နယ်တို့နှင့်နယ်နိမိတ်ခြင်းထိစပ်လျက်ရှိပြီး ပအိုဝ့်တိုင်းရင်းသားအများစု အေးချမ်းစွာနေထိုင်လုပ်ကိုင်စားသောက်ကြသည့် မြို့တစ်မြို့ဖြစ်ကြောင်း၊ သို့သော်လည်း PNLO အကြမ်းဖက်အဖွဲ့အနေဖြင့် KNDF အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမား၏ မြောက်ပင့်စည်းရုံးမှုကြောင့် ဒေသအတွင်းအာဏာတည်ဆောက်နိုင်ရေး၊ အကြမ်းဖက်အုပ်ချုပ်ရေးအတွက် အကြောက်တရားဖြင့် မိမိတို့လူမျိုးတူ ပအိုဝ့်တိုင်းရင်းသားတို့အပေါ် စာနာမှုကင်းမဲ့စွာဖြင့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်ခဲ့ခြင်းကြောင့် ဒေသတွင်းတည်ငြိမ်အေးချမ်းမှုပျက်ပြားခဲ့ပြီး ခံပြည်သူများ၏ လူမှုစီးပွားဘဝများ ထိခိုက်ဆုံးရှုံးခဲ့ရကြောင်း၊ ထို့ကြောင့် PNLO အကြမ်းဖက်အဖွဲ့၏ မိမိလူမျိုးချင်းအပေါ် သစ္စာမဲ့စွာလုပ်ဆောင်ခဲ့သည့် အကြမ်းဖက်လုပ်ရပ်များအပေါ် မည်သို့မျှလက်ခံနိုင်ခြင်းမရှိသဖြင့် ဆီဆိုင်မြို့ပတ်ဝန်းကျင်ရှိ ကျေးရွာများမှ ပအိုဝ့်တိုင်းရင်းသားများအနေဖြင့် ရွာလုံးကျွတ်နီးပါးအင်အားစုစည်း၍ တပ်မတော်၊ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်းလက်တွဲပြီး အကြမ်းဖက်ပူးပေါင်းအဖွဲ့များ၏လက်မှ ဆီဆိုင်ဒေသကို အမြန်ဆုံးပြန်လည်ရယူထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရနှင့် တပ်မတော်အနေဖြင့် ဆီဆိုင်ဒေသ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပြီး အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာနေထိုင် ရလျက်ရှိသည့် ဒေသခံတိုင်းရင်းသားပြည်သူများ အနေဖြင့်လည်း ပြန်လည်ဝင်ရောက်နေထိုင်၍ အေးချမ်းစွာဖြင့် နေထိုင်လုပ်ကိုင်လျက်ရှိကြောင်း သတင်းရရှိသည်။