နေပြည်တော် စက်တင်ဘာ ၃
ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၆/၂၀၂၄) ကို ယနေ့မွန်းလွဲပိုင်းတွင် ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ အဖွဲ့ဝင်များဖြစ်သည့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့်ပြည်နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌများဖြစ်ကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Online မှ တက်ရောက်ကြသည်။
ဦးစွာ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ပြည်သူ့စစ်မှုထမ်းနည်းဥပဒေရေးဆွဲခြင်းကို အစည်းအဝေး အကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီး ဗဟိုအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ အကြံပြုချက်များ ပေးပိုခဲ့မှုအပေါ် အပြန်ပြန်အလှန်လှန်စိစစ်သုံးသပ်၍ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေမူကြမ်းကို ရေးဆွဲခဲ့ရာ ယခုနောက်ဆုံးသတ္တမမူကြမ်း ရရှိပြီးဖြစ်ပါကြောင်း။
ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁) မှ (၄) အထိ ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ ဖွင့်လှစ်ပြီးခဲ့သည့် သင်တန်းများနှင့်ပတ်သက်၍ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များအနေဖြင့် ရည်မှန်းချက်ပြည့်မီအောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့သည့်အပြင် အုပ်ချုပ်မှုလျော့နည်းဖြစ်စဉ်အနည်းဆုံးဖြင့် ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ ပြည်သူ့စစ်မှုထမ်းများ ဆင့်ခေါ်ရာတွင် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များအနေဖြင့် ကိုယ်လက်အင်္ဂါချို့ယွင်းသူများ၊ မျက်မြင်အနေအထားရ ပြည်သူ့စစ်မှုထမ်းသင်တန်း တက်ရောက်ရန် မကိုက်ညီသူများ၊ ပြည်သူ့စစ်မှုထမ်းဥပဒေအရ ကင်းလွတ်ခွင့်၊ လျှော့ပေါ့ခွင့်နှင့် ရွှေ့ဆိုင်းခွင့်ရရှိမည့်သူများအား ဆင့်ခေါ်ခြင်း မပြုမိစေရန်လည်း အထူးဂရုပြုကြရန်လိုမည်ဖြစ်ပါကြောင်း၊ မျက်မြင်အားဖြင့် ပဏာမစိစစ်ရမည့်အချက်များကိုလည်း နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများသို့ ဖြန့်ဝေပေးထားပြီးဖြစ်ပါကြောင်း။
ပြည်သူ့စစ်မှုထမ်းများအား သင်တန်းတက်ရောက်ရန်အတွက် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်စုရပ်များမှတစ်ဆင့် သက်ဆိုင်ရာ သင်တန်းကျောင်းအသီးသီးသို့ ပို့ဆောင်ရပါကြောင်း၊ အချို့သောတိုင်းဒေသကြီး/ ပြည်နယ်များအတွင်း ကုန်လမ်း၊ ရေလမ်းဖြင့် ပို့ဆောင်ရန်ခက်ခဲသည့် ပြည်သူ့စစ်မှုထမ်း သင်တန်းသားများအား လေယာဉ်၊ ရဟတ်ယာဉ်၊ ရေယာဉ်များဖြင့် ပို့ဆောင်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းသင်တန်း (၄) ပတ်စဉ်ဖွင့်လှစ်ခဲ့ပြီးချိန်တွင် စစ်မှုထမ်းဆင့်ခေါ်ရေးလုပ်ငန်းစဉ်များ၊ ဆေးစစ်ခြင်းလုပ်ငန်းစဉ်များ၊ သင်တန်းသားများ လက်ခံခြင်းလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ တွေ့ကြုံရသည့် အားသာချက်/ အားနည်းချက်များရှိမည်ဖြစ်ပါကြောင်း၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များ၊ တက်ရောက်လာကြသည့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအလုပ်အဖွဲ့များအနေဖြင့် ၎င်းလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဝိုင်းဝန်းဆွေးနွေးအကြံပြုပေးကြရန် ပြောကြားသည်။
ထို့နောက် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ကင်းလွတ်ခွင့်၊ လျှော့ပေါ့ခွင့်၊ ရွှေ့ဆိုင်းခွင့်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများက ကင်းလွတ်ခွင့်၊ လျှော့ပေါ့ခွင့်၊ ရွှေ့ဆိုင်းခွင့်ဆိုင်ရာကိစ္စများ၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး အသိပညာပေးဆောင်ရွက်မှုအခြေအနေများ၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဥက္ကဋ္ဌများက စစ်မှုထမ်းဆင့်ခေါ်ရေး ဆောင်ရွက်နေမှုအခြေအနေများနှင့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရာတွင် တွေ့ကြုံရသည့် အားသာချက်/အားနည်းချက်များကိုလည်းကောင်း၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး အလုပ်အဖွဲ့များက သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်မှုအခြေအနေများကိုလည်းကောင်း သက်ဆိုင်ရာကဏ္ဍအလိုက် အကြံပြုဆွေးနွေးတင်ပြကြရာ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များသည် ပြည်သူ့စစ်မှုထမ်းများဆင့်ခေါ်ရာတွင် ဥပဒေနှင့်အညီ ဆောင်ရွက်ကြရန်၊ ဥပဒေအရ သတ်မှတ်ထားသည့် အသက်မပြည့်သူများ မပါရှိစေရေး အထူးအလေးထား ကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း၊ ကင်းလွတ်၊ လျှော့ပေါ့၊ ရွှေ့ဆိုင်းခွင့်များနှင့်ပတ်သက်၍ ဗဟိုအဖွဲ့သို့ အချိန်မီတင်ပြနိုင်ရေး ကြိုတင်စီမံဆောင်ရွက်ထားရန်လိုကြောင်း၊ သို့မှသာ ဗဟိုအဖွဲ့အနေဖြင့် ဥပဒေအရ ခွင့်ပြုပေးနိုင်မည့်သူများအား သင်တန်းမစမီ ခွင့်ပြုပေးနိုင်မည်ဖြစ်ပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းဆိုင်ရာအလုပ်အဖွဲ့များက ပြည်သူ့စစ်မှုထမ်းကိုယ်ရေးအချက်အလက် စီမံခန့်ခွဲမှုစနစ် (National Service Information Management System- NSIMS) နှင့်စပ်လျဉ်း၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၎င်းစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ရမည်ဖြစ်သည့်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများက ပူးပေါင်းဆောင်ရွက်ပေးကြရန်လိုပါကြောင်း။
ပြည်သူ့စစ်မှုထမ်းသင်တန်းအပတ်စဉ် (၅/၂၀၂၄) ကို မကြာမီကာလအတွင်း ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များအနေဖြင့် ယခင်ကြုံတွေ့ခဲ့ရသည့် အားနည်းချက်၊ အားသာချက်များအပေါ် သုံးသပ်ပြီး သတ်မှတ်ထားသော စံပြုလုပ်ထုံးလုပ်နည်းများနှင့်အညီ အကောင်းဆုံးဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သတင်းရရှိသည်။