Skip to main content

ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးတွင် ကင်းထောက်သင်တန်းများ ဖွင့်လှစ်ပို့ချ

ရန်ကုန် ဇန်နဝါရီ ၁၉

ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ် ကင်းထောက်အခြေခံသင်တန်းကို ဇန်နဝါရီ ၁၂ ရက်မှ ၁၄ ရက်အထိ ယင်းတက္ကသိုလ်တွင် ဖွင့်လှစ်ပို့ချပေးခဲ့ပြီး သင်တန်းဆင်းပွဲသို့ မြန်မာ နိုင်ငံကင်းထောက် အဖွဲ့ချုပ် အမျိုးသား ကင်းထောက်ချုပ် ဒေါက်တာတင်ညို၊ အမျိုးသမီး ကင်းထောက်ချုပ် ဒေါက်တာ ဒေါ်တင်လှကြည် နှင့် ကင်းထောက်ကြီး များ၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ကြည်ရွှင်၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ကင်းထောက်အဖွဲ့တာဝန်ခံ ဒေါက်တာ ဒေါ်ဝေဝေမြင့် တို့ တက်ရောက်ကြသည်။

သင်တန်းဆင်းပွဲတွင် တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်နှင့် သင်တန်းထူးချွန်ဆုရ ကင်းစိတ်အလိုက်ဆုများ ချီးမြှင့်ပြီး ကင်းထောက်အမျိုးသမီးသင်တန်းသူ ၈၆ ဦးက အမျိုးသမီးကင်းထောက်ချုပ် ဒေါက်တာ ဒေါ်တင်လှကြည်နှင့် အမျိုးသမီးကင်းထောက်ကြီးများထံမှ ကတိသစ္စာခံယူပြီး မြန်မာနိုင်ငံကင်းထောက်အဖွဲ့မှ သင်တန်းသား သင်တန်းသူ ၇၄ ဦးတို့က ကင်းထောက်အစီအစဉ်မှူးချုပ် ဦးအေးကြိုင်နှင့် အမျိုးသားကင်းထောက်ကြီးများထံမှ ကတိသစ္စာခံယူကြသည်။

ထို့အပြင် ကရင်ပြည်နယ် ဘားအံမြို့ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းတွင် ပြည်နယ်အဆင့် ကင်းထောက်အခြေခံ သင်တန်းကို ဇန်နဝါရီ ၁၇ ရက်မှ ၂၀ ရက်အထိ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများအပါအဝင် ၂၆၈ ဦး၊ ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်တွင် ဇန်နဝါရီ ၂၂ ရက်မှ ၂၄ ရက် အထိ၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ဒဂုံမြို့နယ်တွင် ဇန်နဝါရီ ၂၅ ရက်မှ ၂၇ ရက်အထိ၊ ရန်ကုန်မဟာမြ ကျွန်းသာ ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ဖေဖော်ဝါရီ ၁ ရက်မှ ၄ ရက်အထိ ကင်းထောက်အခြေခံသင်တန်းများနှင့် နေပြည်တော် CAE ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ဖေဖော်ဝါရီ ၁၃ ရက်မှ ၁၆ ရက် အထိ ကင်းထောက်ငယ်သင်တန်းများကို ကင်းထောက်ငယ်သင်တန်းတာဝန်ခံ ဒေါ်သစ်သစ်ဦးနှင့် တက္ကသိုလ်ကင်းထောက် လူငယ်များက စာတွေ့ လက်တွေ့ သင်ကြားပို့ချရန် စီစဉ်ထားကြောင်း သိရသည်။

ကင်းထောက်ပညာရပ်များ နိုင်ငံအနှံ့ ပြန့်ပွားပြီး လူငယ်များလူမှုရေးစိတ်ဓာတ်နှင့် တိုင်းပြည်အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်လိုသည့်လူငယ်များ ပေါ်ထွက်နိုင်ရန် မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ချုပ်က ၂၀၂၀ ပြည့်နှစ်တွင် ပြည်နယ်၊ တိုင်းဒေသကြီးအလိုက် တက္ကသိုလ်များ၊ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများတွင် ကင်းထောက်နှင့် ကင်းထောက်ငယ် အခြေခံသင်တန်းများ ဖွင့်လှစ်ပို့ချရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

ကြေးမုံ