Skip to main content

ပြည်တွင်းခရီးသည်ပို့ဆောင်ရေးယာဉ်လိုင်းများ EV လျှပ်စစ်ခရီးသည်ယာဉ်များဖြင့် ပြေးဆွဲလာ

ရန်ကုန် ဩဂုတ် ၂၉

မြန်မာ့လျှပ်စစ်ကား အသွင်ကူးပြောင်းရေး ဆောင်ရွက်လျက်ရှိရာတွင် ပြည်တွင်း EV လျှပ်စစ်တက္ကစီယာဉ်များကို အသုံးပြုလာကြပြီးနောက် ယခုအခါ ပြည်တွင်းခရီးသည် ပို့ဆောင်ရေးယာဉ်လိုင်းများသည် ပတ်ဝန်းကျင်ညစ်ညမ်းမှုကို လျှော့ချပေးနိုင်သည့် ခေတ်မီ EV လျှပ်စစ်ခရီးသည် တင်ယာဉ်သစ်ကြီးများဖြင့်စတင်၍ ပြေးဆွဲလာကြကြောင်း သိရသည်။

ပြီးခဲ့သည့်လအတွင်းက ရန်ကုန်- မန္တလေး-နေပြည်တော် EV လျှပ်စစ်ခရီး သည်တင်ယာဉ်များဖြင့် ခရီးစဉ်ဝန်ဆောင်မှုများကို မန္တလာမင်းခရီးသွားယာဉ်လိုင်းက] EV လျှပ်စစ်ကားသစ်ကြီးများဖြင့် စတင်ပြေးဆွဲပေးခဲ့ပြီးနောက် ယခုအခါ ရာဇာမင်းခရီးသွားယာဉ်လိုင်းမှလည်း EV လျှပ်စစ်ခရီးတင် ယာဉ်သစ်ကြီးများဖြင့် ထပ်မံပြေးဆွဲပေးမည်ဖြစ်ကြောင်း အဆိုပါ ရာဇာမင်းခရီးသည်ပို့ဆောင်ရေးယာဉ်လိုင်းက ထုတ်ပြန်ထားသည်။

အဆိုပါယာဉ်လိုင်းသည် တရုတ်နိုင်ငံမှ တင်သွင်းလာသည့် Yutong အမျိုးအစား EV လျှပ်စစ်ခရီးသည်တင်ယာဉ်များကို စက်တင်ဘာလကုန်တွင် စတင်ပြေးဆွဲပေးသွားမည်ဖြစ်ပြီး လက်ရှိအချိန်၌ မှာယူထား‌သော EV လျှပ်စစ်ကားသစ်ကြီးများ တင်ဆောင်လာသည့်သင်္ဘောသည် တရုတ်နိုင်ငံဆိပ်ကမ်းမှ စတင်ထွက်ခွာလာပြီဖြစ်ကြောင်း သိရသည်။

ယာဉ်လိုင်းနှစ်လိုင်းအထိ ရှိလာမည်

ခရီးစဉ်အနေဖြင့် ရန်ကုန်-မန္တလေး၊ ရန်ကုန်-နေပြည်တော်ခရီးစဉ်များအတွက် ပြေးဆွဲသွားမည်ဖြစ်ပြီး ခရီးသည်များ ပိုမိုသက်သောင့်သက်သာရှိစေရန်နှင့် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုကိုလျှော့ချနိုင်စေရန် ရည်ရွယ်ပြေးဆွဲခြင်းဖြစ်ကြောင်း ရာဇာမင်းခရီးသည် ပို့ဆောင်ရေးကထုတ်ပြန်ထားသည်။ ယခု EV လျှပ်စစ်ခရီးသွားယာဉ်လိုင်း ထပ်မံပြေးဆွဲပြေးမည်ဆိုပါက EV လျှပ်စစ်ပြည်တွင်း ခရီးစဉ်ဝန်ဆောင်မှု ယာဉ်လိုင်းနှစ်လိုင်းအထိ ရှိလာမည်ဖြစ်ကြောင်း သိရသည်။

TWA