Skip to main content

မန္တလေးမြို့၌ ယာဉ်ကြောကျပ်တည်းသောလမ်းများတွင် မီးပွိုင့်ခြောက်ခု တိုးချဲ့တပ်ဆင်မည်

မန္တလေး သြဂုတ် ၂၈

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီသည် မြို့တော်အတွင်း ယာဉ်အန္တရာယ်ကင်းရှင်းစေရန်နှင့် ယာဉ်ကြောကျပ်တည်းသောလမ်းများတွင် မီးပွိုင့်ပေါင်း ၁၂၂ ခုတပ်ဆင်ထားရှိသည့်အနက် ဆိုလာစနစ်သုံးမီးပွိုင့်များလည်း ပါဝင်ပြီး ယခု၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ရိုးရိုးLED မီးပွိုင့်အသစ်ခြောက်ခုကို ထပ်မံတိုးချဲ့တပ်ဆင်သွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော်ဝန် ဦးကျော်ဆန်းက ပြောသည်။

တိုးချဲ့တပ်ဆင်မည့်နေရာများ

တိုးချဲ့တပ်ဆင်မည့်နေရာများမှာ မန္တလေး-မတ္တရာလမ်းနှင့် GTC လမ်းထောင့် (အောင်မြေသာစံမြို့နယ်)၊ လမ်း ၃၀ နှင့် လမ်း ၆၀ ထောင့်(ချမ်းအေးသာစံမြို့နယ်)၊ ၄၁ လမ်းနှင့် ၅၃ လမ်း၊ ၄၁လမ်းနှင့် လမ်း ၆၀ (မဟာအောင်မြေမြို့နယ်)၊ လမ်း ၆၀ နှင့် လမ်း ၁၁၀ (ချမ်းမြသာစည်မြို့နယ်)၊ ၆၂ လမ်းနှင့် ၁၂၅ လမ်း (ပြည်ကြီးတံခွန်မြို့နယ်) တို့ဖြစ်ကြောင်း သိရ သည်။

“နံနက်ပိုင်း၊ ညနေပိုင်း ကျောင်းသွား ကျောင်းပြန်အချိန်တွေမှာ ယာဉ်ကြောရှုပ်ထွေးတဲ့နေရာတွေ ရှိတယ်။ ကိုယ်ပိုင်ကျောင်းတွေမှာ ကျောင်းပို့ ကျောင်းကြိုကို ကိုယ်ပိုင်ကားတွေနဲ့လာကြတော့ ယာဉ်ကြောကျပ်တာတွေရှိတယ်။ ဒါတွေလျော့ပါးသွားအောင် မီးပွိုင့်အသစ်ခြောက်ခုကို ဒီနှစ်ဘဏ္ဍာနှစ်မှာ ထပ်မံတိုးချဲ့တပ်ဆင်မှာပါ။ မီးပွိုင့်နဲ့ ဆက်စပ်ပစ္စည်းတွေကို တင်ဒါခေါ်ပြီးသွားပါပြီ” ဟု မြို့တော်ဝန်က ပြောသည်။

ကြိုတင်ပြင်ဆင်ထား

အဆိုပါ မီးပွိုင့်တစ်ခုလျှင် ငွေကျပ် သိန်း ၃၀၀ ၀န်းကျင်ကုန်ကျမည်ဖြစ်၍ မီးပွိုင့်နှင့်ပတ်သက်သည့် ဆက်စပ်ပစ္စည်းများကို တရုတ်နိုင်ငံမှ မှာယူတင်သွင်းရာ အချို့သောအစိတ်အပိုင်းများ ရောက်ရှိနေပြီဖြစ်ကြောင်း၊ ဆက်စပ်ပစ္စည်းများရောက်ရှိလာပါက အမြန်ဆုံးတပ်ဆင်နိုင်ရန် တိုင်များနှင့် အခြားလိုအပ်သည်များကို ကြိုတင်ပြင်ဆင်ထားရှိကြောင်း သိရသည်။

“လမ်းခရီးမှာ နည်းနည်းကြန့်ကြာနေပေမယ့် ပစ္စည်းစုံရောက်လာရင် ချက်ချင်းတပ်ဖို့ ပြင်ဆင်ထားပါတယ်။ လိုအပ်တဲ့နေရာတွေမှာ ထပ်မံတပ်ဆင်နိုင်ဖို့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကြီးကြပ်ထိန်းသိမ်းရေးကရတဲ့ငွေနဲ့ ဆောင်ရွက်ဖို့လည်း အစီအစဉ်ရှိပါတယ်။ မီးပွိုင့်တွေက ပျက်တတ်တာမျိုးရှိတော့ နှစ်စဉ်ထိန်းသိမ်းပြင်ဆင်မှုတွေ လုပ်ပါတယ်” ဟု ဆက်လက်ပြောကြားသည်။

မန္တလေးမြို့တော်တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ ယာဉ်ကြောကျပ်တည်းမှုလျှော့ချနိုင်ရေးအတွက် SCATS အမျိုးအစားမီးပွိုင့် ၆၅ ခု၊ Individual Loop Sensor မီးပွိုင့် ၂၅ ခု၊ ရိုးရိုး Timer သုံး LED မီးပွိုင့် ၃၂ ခု စုစုပေါင်း ၁၂၂ ခုတပ်ဆင်အသုံးပြုလျက်ရှိသည့်အပြင် မီးပွိုင့်များနှင့် လိုအပ်သောနေရာများ၌ CCTV များတပ်ဆင်ကာ ယာဉ်အသွားအလာများကို မှတ်တမ်းတင်ခြင်းတို့ ဆောင်ရွက်နေကြောင်း သိရသည်။ 

မင်းထက်အောင် (မန်းကိုယ်ပွား)