နေပြည်တော် ဩဂုတ် ၂၈
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန နေပြည်တော် နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာအင်ဂျင်နီယာနှင့် သတင်းအချက်အလက်နည်းပညာဌာနမှ ပထမနှစ်နှင့် ဒုတိယနှစ်သင်တန်းမှ ကျောင်းသား ကျောင်းသူ ၂၉ ဦးနှင့် ကြီးကြပ်သူဆရာမခုနစ်ဦး စုစုပေါင်း ၃၆ ဦးတို့သည် ယနေ့နံနက်ပိုင်းက နေပြည်တော်၊ တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် ကြည့်ရှုလေ့လာကြသည်။
ဦးစွာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ပင်မအဆောက်အဦရှိ Auditorium ခန်းမတွင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းသူက အမှာစကားပြောကြားပြီး “နုပျိုဆန်းသစ် (၇၈) နှစ်မှသည် ပြည်သူ့အတွက် MRTV” Video Clip ကို ပြသသည်။ ထို့နောက် လေ့လာရေးအဖွဲ့များသည် အဖွဲ့နှစ်ဖွဲ့ခွဲ၍ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားရှိ Convergence News Room, MRTV HD , MRTV News သတင်းထုတ်လွှင့်ခန်းများနှင့် သတင်း Studio များတွင် လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။
ဆက်လက်၍ လေ့လာရေးအဖွဲ့များသည် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား စိန်ရတုပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် ခေတ်အဆက်ဆက် ရုပ်သံထုတ်လွှင့်မှုများတွင် အသုံးပြုခဲ့သည့် စက်ပစ္စည်းများ၊ တိုက်ရိုက်ထုတ်လွှင့်ရေးမော်တော်ယာဉ်များ၊ သတင်းတင်ဆက်မှုပုံစံငယ်များ၊ ခေတ်အဆက်ဆက် ထုတ်လွှင့်တင်ဆက်ခဲ့သည့်အစီအစဉ်များတွင် ပါဝင်ဆောင်ရွက်ခဲ့သူများ၏ မှတ်တမ်းဓာတ်ပုံများ၊ တူရိယာပစ္စည်းများ၊ သတင်းစတူဒီယိုခန်းများ၊ ရေဒီယိုအစီအစဉ်တွင် အသုံးပြုခဲ့သည့် ခေတ်ဟောင်းဓာတ်ပြားများနှင့် အခြားအသုံးအဆောင်ပစ္စည်းများစသည့် စုစုပေါင်းပြခန်း ၄၀ တွင် ခင်းကျင်းပြသထားရှိမှုများအပေါ် သိရှိလိုသည်များ မေးမြန်းကြရာ တာဝန်ရှိသူများက ရှင်းလင်းဖြေကြားခြင်း၊ ပြတိုက်ဆိုင်ရာ မှတ်သားဖွယ်ရာအဖြေလွှာများ၌ ကျောင်းသား၊ ကျောင်းသူများ၏ ဖြည့်စွက်မှုများကို စိစစ်၍ ပြည့်စုံစွာဖြေဆိုသူ သုံးဦးအား အမှတ်တရလက်ဆောင်များ ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ကြပြီး အဆိုပါလေ့လာရေးအဖွဲ့များသည် မွန်းလွဲပိုင်းတွင် ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။
သတင်းစဉ်