Skip to main content

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) ၂၀၂၃-၂၀၂၄ ပညာသင်နှစ် (၂၇)ကြိမ်မြောက် ပန်းချီ၊ ပန်းပု ကျောင်းသား ကျောင်းသူများ၏ ဘွဲ့ယူလက်ရာမွန်ပြပွဲနှင့် ဂီတ၊ သဘင်၊ ရုပ်ရှင်နှင့် ပြဇာတ် ကျောင်းသား ကျောင်းသူများ၏ ဘွဲ့ယူစင်တင် တင်ဆက်ပွဲကျင်းပ

ရန်ကုန် ဩဂုတ် ၂၇

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) ၂၀၂၃-၂၀၂၄ ပညာသင်နှစ် (၂၇)ကြိမ်မြောက် ပန်းချီ၊ ပန်းပု ကျောင်းသား ကျောင်းသူများ၏ ဘွဲ့ယူလက်ရာမွန်ပြပွဲနှင့် ဂီတ၊ သဘင်၊ ရုပ်ရှင်နှင့် ပြဇာတ်ကျောင်းသား ကျောင်းသူများ၏ ဘွဲ့ယူ စင်တင် တင်ဆက်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အမျိုးသား ကဇာတ်ရုံ၌ ကျင်းပသည်။

အခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ၊ ဌာနမှူးများ၊ ပြင်ပပညာရှင်များ၊ မြန်မာနိုင်ငံ ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပုနှင့် ရုပ်ရှင်အစည်းအရုံးတို့မှ တာဝန်ရှိသူများ၊ ဆရာ ဆရာမများ၊ ကျောင်းဆင်း ကျောင်းသား ကျောင်းသူများနှင့် မိဘဆွေမျိုးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီးနှင့် ဧည့်သည်တော်များသည် ပန်းချီ၊ ပန်းပု ကျောင်းသား ကျောင်းသူများ၏ ဘွဲ့ယူလက်ရာမွန်များကို လှည့်လည်ကြည့်ရှုအားပေးကြသည်။

ထို့နောက် အခမ်းအနားကို ကျင်းပရာ ဒုတိယဝန်ကြီး ဒေါ်နုမြဇံက ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အထိ ဘွဲ့နှင်းသဘင်ကို (၂၄)ကြိမ်မြောက် ကျင်းပပြီးစီးခဲ့ပြီး ဝိဇ္ဇာဘွဲ့ ၂၆၀၁ ဦး၊ ဝိဇ္ဇာ(ဂုဏ်ထူး) ဘွဲ့ ၃၈၆ ဦး၊ မဟာဝိဇ္ဇာဘွဲ့ ၁၀၅ ဦး၊ မဟာဝိဇ္ဇာဘွဲ့(Earn Degree) ၁၅ ဦး၊ ဘွဲ့လွန်ဒီပလိုမာ ၈၈၄ ဦး၊ အနုပညာကွန်ပျူတာဒီပလိုမာဘွဲ့ ၂၈၁၄ ဦး၊ ဂုဏ်ထူးဆောင်ဝိဇ္ဇာဘွဲ့ ၆၅ ဦး၊ ဂုဏ်ထူးဆောင်မဟာဝိဇ္ဇာဘွဲ့ ၁၉ ဦး၊ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ၂၁ ဦးတို့ကို ချီးမြှင့်အပ်နှင်းပေးနိုင်ခဲ့ကြောင်း၊ ကျောင်းဆင်း ကျောင်းသား ကျောင်းသူများအနေဖြင့် အမိတက္ကသိုလ်ကသင်ကြားပေးလိုက်သည့် အသိပညာ၊ အတတ်ပညာများနှင့် အမျိုးသားရေး လက္ခဏာများ၊ ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်နေကြမည်ဟု ယုံကြည်ပါကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်ရာတွင် ကျရာကဏ္ဍမှ ပါဝင်ထမ်းဆောင်ခြင်းဖြင့် အမိတက္ကသိုလ်မှ ဂုဏ်ယူမှတ်တမ်းတင်မည့် သားကောင်းရတနာများဖြစ်ကြ ပါစေကြောင်း ပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးက မုဒိတာစကားပြောကြားပြီး ဂီတ၊သဘင်၊ ရုပ်ရှင်နှင့်ပြဇာတ် ကျောင်းသား ကျောင်းသူများက စွမ်းရည်ပြ ဖျော်ဖြေတင်ဆက်ကြသည်။

ယနေ့အခမ်းအနားတွင် ပန်းချီအထူးပြု ကျောင်းသား ကျောင်းသူများ၏ ပန်းချီကား ၃၆ ကား၊ ပန်းပုအထူးပြု ကျောင်းသား ကျောင်းသူများ၏ ပန်းပုရုပ်ငါးရုပ်၊ ဂီတအထူးပြု ကျောင်းသား ကျောင်းသူများ၏ တေးဂီတအစီအစဉ်လေးခု၊ သဘင်အထူးပြုကျောင်းသား ကျောင်းသူများ၏ အက၊ ရုပ်သေး၊ ဇာတ်တော်ကြီးအစီအစဉ်ငါးခု၊ ရုပ်ရှင် နှင့်ပြဇာတ်အထူးပြု ကျောင်းသား ကျောင်းသူများ၏ ပြဇာတ်နှင့် ရုပ်ရှင်ဇာတ်ကား သုံးကားတို့ကို တင်ဆက်ပြသဖျော်ဖြေခဲ့ကြပြီး ဒုတိယဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့လူမှုရေးရာဝန်ကြီးနှင့် ဧည့်သည်တော်များက ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်ကို ယဉ်ကျေးမှုတက္ကသိုလ်အဖြစ် ၁၉၉၃ ခုနှစ် စက်တင်ဘာ ၂၄ ရက်ကစတင်ပြီး ဗဟန်းမြို့နယ် ကမ္ဘောဇဝင်းချင်းချောင်းနန်းတော်တွင် ဂီတ၊ ဇာတ်သဘင်၊ ပန်းချီ၊ ပန်းပုစသည့် ဘာသာရပ်ကြီး လေးခုကို စာပေဘာသာရပ်နှင့်တွဲ၍ စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၀၈ ခုနှစ် မတ် ၂၆ ရက်တွင် ယဉ်ကျေးမှုတက္ကသိုလ်မှ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)ဟု အမည်ပြောင်းလဲခဲ့သည်။ ၂၀၁၇-၂၀၁၈ ပညာသင်နှစ် ဘွဲ့ကြိုတန်းများတွင် ဂုဏ်ထူးတန်းဘွဲ့ တက်ရောက်စေခြင်းအစား အရည်အချင်းပြည့်မီသူများကို မဟာဝိဇ္ဇာတန်းသို့ တက်ရောက်သင်ကြားခွင့်ပြုရေး၊ Credit Transfer System ပီပြင်စွာ အကောင်အထည်ဖော်နိုင်ရန် အထူးပြုဘာသာရပ်အလိုက် Credit Unit နှင့် Teaching Hours များ ပြင်ဆင်ဆောင်ရွက်ပြီး မဟာဝိဇ္ဇာတန်းများကို တိုးချဲ့ဖွင့်လှစ်ခဲ့ပြီး ယခု ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ဒြပ်ရှိ/ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်များဆိုင်ရာကိစ္စများ ဆောင်ရွက်ရန်နှင့် ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်း ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် ယဉ်ကျေးမှုအမွေအနှစ် စီမံခန့်ခွဲမှုပညာဌာနကို တိုးချဲ့ဖွင့်လှစ်ခဲ့သည်။

ထို့ပြင် ဌာနမှ သုတေသနအတွေ့အကြုံရင့်ကျက်ပြီး အနုပညာလုပ်ငန်းများ စွမ်းစွမ်းတမံဆောင်ရွက်နိုင်စွမ်းရှိသော ပညာရှင်များအခွင့်အလမ်း ပွင့်လန်းစေရန် ရည်ရွယ်ပြီး ဝါရင့်မဟာဝိဇ္ဇာ (ယဉ်ကျေးမှု အမွေအနှစ် စီမံခန့်ခွဲမှုပညာ)၊ (ပြတိုက်ပညာ)တန်း များနှင့် တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝါရင့်ပါမောက္ခ၊ တွဲဖက်ပါမောက္ခနှင့် ကထိကများအား ဝါရင့်ပါရဂူဘွဲ့အတွက် ဘာသာရပ်ဆိုင်ရာ သုတေသနလုပ်ငန်းများဆောင်ရွက်ပြီး ကျမ်းပြုစုတင်သွင်းခွင့်ပြုခြင်းဖြင့် မျိုးဆက်သစ်များကို ဆက်လက်ပြုစုပျိုးထောင်နိုင်ရန် ရည်ရွယ်ပြီး ဝါရင့် ပါရဂူဘွဲ့အကြိုသင်တန်းနှင့် ဝါရင့်ပါရဂူသင်တန်းတို့ကို ထပ်မံဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်