နေပြည်တော် ဩဂုတ် ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်တွင် စစ်မှုထမ်းဆောင်ရန်အတွက် ပေါ်တာဆွဲဖမ်းဆီးမှုများကို ဩဂုတ်လ ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုပ်ဆောင်နေသည်ဟု သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်လုပ်ကြံရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ မုံရွာမြို့မှ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ မုံရွာမြို့နယ်တွင် စစ်မှုထမ်းဆောင်ရန်အတွက် ပေါ်တာဆွဲဖမ်းဆီးမှုများကို ဩဂုတ် ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုပ်ဆောင်နေသည့်သတင်းမှာ မှန်ကန်မှုမရှိကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် မုံရွာမြို့နယ်မှ တာဝန်သိပြည်သူများ၏ သတင်းပေးပို့မှုနှင့် နယ်မြေသတင်းများအရ PDF အမည်ခံအကြမ်းဖက်သမားများက ကျေးရွာများအတွင်း ခိုအောင်းလှုပ်ရှားနေပြီး ဒေသခံကျေးရွာသားများကို ခြိမ်းခြောက်၍ အတင်းအဓမ္မလူသစ်စုဆောင်းခြင်းနှင့် ငွေကြေးတောင်းခံခြင်းများ လုပ်ဆောင်နေသည့်အတွက် လိုအပ်သည့် နယ်မြေလုံခြုံရေးဆောင်ရွက်ခြင်း၊ ရှောင်တခင်စစ်ဆေးခြင်းနှင့် လှည့်ကင်းပတ်ကင်းများကို တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်နေခြင်းသာဖြစ်ကြောင်းနှင့် စစ်မှုထမ်းဆောင်ခြင်းနှင့်ပတ်သက်၍ ပြည်သူ့စစ်မှုထမ်းဥပဒေကို အတည်ပြုပြဋ္ဌာန်းထားပြီး သက်ဆိုင်ရာအဖွဲ့အစည်းများမှ လုပ်ထုံးလုပ်နည်းများနှင့်အညီ လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။
ထိုသို့ PDF အမည်ခံအကြမ်းဖက်သမားများ၏ လှုပ်ရှားမှုသတင်းများကို တာဝန်သိပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်ဖမ်းဆီးခြင်းနှင့် အကြမ်းဖက်လုပ်ရပ်များကို တားဆီးနှိမ်နင်းလျက်ရှိသည်ကို ပြည်သူများ အထင်အမြင်လွဲမှားစေရန်အတွက် ယခုကဲ့သို့ သတင်းအမှားများဖြင့် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံရေးသားဝါဒဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။