Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့၌ ကျင်းပခဲ့သည့် မကုဋာရာမမြန်မာကျောင်းတိုက် နှစ်တစ်ရာပြည့် အထိမ်းအမှတ်ပွဲအခမ်းအနားနှင့် သာသနာရေးဆိုင်ရာအခမ်းအနားများသို့ တက်ရောက်ပြီး ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ

ရန်ကုန် ဩဂုတ် ၂၄

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် သီရိလင်္ကာဒီမိုကရက် တစ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ကိုလံဘိုမြို့၌ ဩဂုတ် ၂၀ ရက်မှ ၂၂ ရက်အထိ ကျင်းပခဲ့သည့် မြန်မာဆရာတော် ဘဒ္ဒန္တဝိနယာလင်္ကာရ စတင်တည်ထောင်ခဲ့သော မြန်မာ့ဂုဏ်ဆောင်မကုဋာရာမမြန်မာကျောင်းတိုက် နှစ်တစ်ရာပြည့်အထိမ်းအမှတ်အခမ်းအနားနှင့် အခြားသာသနာရေးဆိုင်ရာအခမ်းအနားများသို့ တက်ရောက်ပြီး ယမန်နေ့ နံနက်ပိုင်းက သီရိလင်္ကာနိုင်ငံမှ ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများက ကြိုဆိုကြသည်။

တက်ရောက်

ဩဂုတ် ၂၀ ရက်တွင် ကျင်းပခဲ့သည့် မကုဋာရာမမြန်မာကျောင်းတိုက် နှစ်တစ်ရာပြည့်အထိမ်း အမှတ်ပွဲအခမ်းအနားသို့ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ဘဒ္ဒန္တစန္ဒနသာရ၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိသောဠသမ ရွှေကျင်သာသနာပိုင် ဒေါက်တာဘဒ္ဒန္တ ဉာဏိဿရ၊ ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်ပါမောက္ခချုပ် အောက်စဖို့ဒ်ဆရာတော် ဒေါက်တာဘဒ္ဒန္တဓမ္မသာမိ၊ သီရိလင်္ကာနိုင်ငံကိုလံဘိုမြို့မှ ရာမာညနိကာယ မဟာနာယကဆရာတော် ဘဒ္ဒန္တမကုလေဝေဝိမလ၊ ကော့တေးဗုဒ္ဓဘာသာအဖွဲ့ချုပ်၏ ဒုတိယနာယကဆရာတော် ဘဒ္ဒန္တကိုတာပီတိ​​ယေရာဟုလာ၊ ကလျာဏီယဗုဒ္ဓတက္ကသိုလ်၏ ပါမောက္ခချုပ် ဆရာတော် ကောလုပိတိယေမဟိန္ဒ အမှူးပြုသော ဆရာတော်၊ သံဃာတော်များနှင့် သီလရှင်ဆရာကြီး များ၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ သီရိလင်္ကာ နိုင်ငံပို့ဆောင်ဆက်သွယ်ရေးနှင့် ပြန်ကြားရေးဝန်ကြီးဌာနဝန်ကြီး ဒေါက်တာ ဗန္ဓုလဂုဏဝါဒေန၊ သီရိလင်္ကာနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဒေါ်မာလာသန်းထိုက်၊ မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံသံအမတ်ကြီး မစ္စပရာဗာချီနီပွန်နပေရုမ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့နှင့် အလှူရှင်များ တက်ရောက်ကြသည်။

အခမ်းအနားမစတင်မီ မကုဋာရာမမြန်မာ ကျောင်းတိုက်အတွင်း ကျောင်းတိုက်ကိုတည်ထောင်ခဲ့သော မြန်မာဆရာတော် ဘဒ္ဒန္တဝိနယာလင်္ကာရ၏ ရုပ်တုနှင့် ကမ္ပည်းမော်ကွန်းကျောက်စာကို သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိသောဠသမ ရွှေကျင်သာသနာပိုင် ဒေါက်တာဘဒ္ဒန္တဉာဏိဿရ၊ ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ် ပါမောက္ခချုပ် အောက်စဖို့ဒ်ဆရာတော် ဒေါက်တာဘဒ္ဒန္တဓမ္မသာမိနှင့် ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်တို့က အမွှေးနံ့သာရည်များ ပက်ဖျန်းဖွင့်လှစ်ပေးခဲ့သည်။

ဖတ်ကြားပူဇော်

ထို့နောက် အခမ်းအနားသို့တက်ရောက်လာကြသည့် ဧည့်ပရိသတ်များက နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဘဒ္ဒန္တစန္ဒနသာရထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ကျောင်းတိုက်တွင် လက်ရှိသီတင်းသုံး၍ ပညာသင်ကြားနေသော သင်တန်းသား ဆရာတော် ဘဒ္ဒန္တကိတ္တိသာရက မကုဋာရာမမြန်မာကျောင်းတိုက်တွင် ပညာသင်ကြားခဲ့မှုများ၊ ကျောင်းတိုက်တည်ထောင်ခဲ့သော ဆရာတော်ကြီးများနှင့် ဆက်လက်ထိန်းသိမ်း စောင့်ရှောက်ခဲ့သည့် စီမံအုပ်ချုပ်ရေးနာယကအဖွဲ့ ဆရာတော်ကြီးများ၏ ဂုဏ်ကျေးဇူးကို ချီးမွမ်းဖတ်ကြားပူဇော်သည်။

ယင်းနောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိသောဠသမရွှေကျင်သာသနာပိုင် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ၊ အောက်စဖို့ဒ်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဓမ္မသာမိ၊ သီရိလင်္ကာနိုင်ငံ သျှမ်းနိကာယ ကော့တေးဗုဒ္ဓဘာသာအဖွဲ့ချုပ် ဒုတိယနာယက ဆရာတော်ဘဒ္ဒန္တ ကိုတာပီတိ​​ယေရာဟုလာတို့က ဩဝါဒကထာများ မြွက်ကြားတော်မူပြီး သီရိလင်္ကာနိုင်ငံ ပို့ဆောင်ဆက်သွယ်ရေးနှင့် ပြန်ကြားရေးဝန်ကြီးဌာနဝန်ကြီး ဒေါက်တာဗန္ဓုလဂုဏဝါဒေနက ကျောင်းတိုက်၏ နှစ်တစ်ရာပြည့်အခမ်းအနား ကျင်းပနိုင်ခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း လျှောက်ထားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က မြန်မာနိုင်ငံနှင့် သီရိလင်္ကာနှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုခိုင်မြဲ၍ ဗုဒ္ဓသာသနာတော်ဆိုင်ရာကိစ္စရပ်များ အပြန်အလှန်ပူးပေါင်းဆောင်ရွက်နိုင်ပါစေကြောင်း ဆုတောင်းမေတ္တာပို့လျှောက်ထားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ၊ အလှူရှင်များက သီတဂူဆရာတော်ကြီး အမှူးပြုသော ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ကျောင်းစီမံအုပ်ချုပ်ရေးနာယကအဖွဲ့က အခမ်းအနားသို့ တက်ရောက်လာကြသူများအား အမှတ်တရလက်ဆောင်များ ပြန်လည်ပေးအပ်ခဲ့သည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ရှိ မြန်မာသံရုံးသို့ ရောက်ရှိကာ သံရုံးဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး နိုင်ငံတော်၏ ကျေးဇူးသစ္စာကိုစောင့်သိပြီး ကျရာတာဝန်များကို စည်းလုံးညီညွတ်စွာဖြင့် တာဝန်ထမ်းဆောင်ရင်း အမျိုး၊ ဘာသာ၊ သာသနာအကျိုးအတွက် စွမ်းစွမ်းတမံ ကြိုးပမ်းအားထုတ်ကြရန် ပြောကြားခဲ့သည်။

ဩဂုတ် ၂၁ ရက်တွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကန္ဒီမြို့ စွယ်တော်တိုက်ရှိ ဗုဒ္ဓမြတ်စွယ်တော်အား ဖူးမြော်ကြည်ညိုပြီး အလှူငွေများပေးအပ်လှူဒါန်း၍ စွယ်တော်တိုက်အတွင်းရှိ မြန်မာနိုင်ငံပြခန်းအပါအဝင် နိုင်ငံအလိုက် ဗုဒ္ဓဘာသာနှင့် သက်ဆိုင်သည့် ပြခန်းများကို ကြည့်ရှုလေ့လာခဲ့သည်။ ယင်းနောက် ကန္ဒီမြို့အတွင်းရှိ ကန္ဒီမြန်မာကျောင်းဆရာတော် ဘဒ္ဒန္တအာစိဏ္ဏထံ သွားရောက်ဖူးမြော် ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ဆက်လက်၍ သာသနာနှစ် ၄၅၀ တွင် အရှင်မဟာဓမ္မရက္ခိတအမှူးပြုသော ရဟန္တာမထေရ်အပါးငါးရာက ပေရွက်ပေါ်တွင် စတုတ္ထအကြိမ် သင်္ဂါယနာတင်ခဲ့သည့် မလယဇနပုဒ်၊ အလောက ကျောက်တောင်နှင့် ရှင်မဟာဗုဒ္ဓဃောသလိုဏ်ဂူတို့အား သွားရောက်ဖူးမြော်ကြည်ညိုပြီး မာတလေ အနုဝိဟာရကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တအလူ ဝိဟာရေဆဗာနမ်ကာရ (Venarable Aluvihare Savanamkara Maha Thero) ထံ လှူဖွယ်ဝတ္ထုပစ္စည်း များ ဆက်ကပ်လှူဒါန်းခဲ့သည်။

ဩဂုတ် ၂၂ ရက်တွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် သီရိလင်္ကာနိုင်ငံ ကေလနိယမြို့ရှိ ကေလနိယသိမ်တော်ကို လှည့်လည်ဖူးမြော်ကြည်ညို၍ ရာဇမဟာဝိဟာရကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကောလုပိတိယေမဟိန္ဒ သံဃရက္ခိထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

မွန်းလွဲပိုင်းတွင် သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ ကော့တေးဗုဒ္ဓဘာသာအဖွဲ့ချုပ်ခန်းမ၌ ကျင်းပသည့် ဒေါက်တာဘဒ္ဒန္တဉာဏိဿရအား သီရိလင်္ကာနိုင်ငံ ကော့တေးဗုဒ္ဓဘာသာအဖွဲ့ချုပ်က ထေရဝံသလင်္ကာရ မဟာဂဏစရိယသဒ္ဓမ္မ ကိတ္တိသိရီ ဘွဲ့တံဆိပ်ဆက်ကပ်သည့် အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် သီတဂူဆရာတော် ဘဒ္ဒန္တဉာဏိဿရအား ကော့တေးဗုဒ္ဓဘာသာအဖွဲ့ချုပ်က ဆက်ကပ်ချီးမြှင့်သည့် ထေရဝံသလင်္ကာရ မဟာဂဏစရိယသဒ္ဓမ္မကိတ္တိသိရီ ဘွဲ့တံဆိပ်အား ဆက်ကပ်ချီးမြှင့်ခဲ့ပြီး ညနေပိုင်းတွင် အခမ်းအနားကို ရုပ်သိမ်းကာ ပြည်ထောင်စုဝန်ကြီးနှင့် အခမ်းအနားတက် ရောက်ကြသူများက စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။  

သတင်းစဉ်